Saturday 14 July 2012

အောင်သန်း၏အောင်ဆန်းအပိုင်း(၄)



(၄)တက္ကသိုလ်သမဂ္ဂ၌

     ၁၉၃၄-ခုနှစ်တွင် အောင်ဆန်းသည် အိုင်အေစာမေးပွဲ အောင်မြင်ပြီးနောက် ကျောင်းသားနိုင်ငံရေး ကို စတင်ဆောင်ရွက်ပါသည်။ ထိုနှစ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)အမှုဆောင် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရာ အောင်ဆန်းအရွေးမခံရပါ လူသိနည်းသေး သည့်ပြင် ကျောင်းသားအများက သူ့ကို ‘ဂွစာ’ဟုသာ အသိအမှတ်ပြုထားကြပါသေးသည်။
          အရွေးမခံရသော်လည်း အောင်ဆန်းသည် စိတ်ပျက်မသွားပါ။ အောင်ဆန်းသည် သဘောထား ကြီးသူပေတည်း။ မည်မျှသဘောထားသည်ကို မြူနီစီပယ်မင်းကြီးဟောင်း ဦးထွန်းအုန်း၏ ၁၉၆၁-ခုနှစ် ကမ္ဘာ့ကလေးများနေ့ ၁၃-၂-၆၁ သ၀ဏ်လွှာကိုဖတ်ရှုခြင်းအားဖြင့် သိနိုင်ပါသည်။
          ဦးထွန်းအုန်းက ကလေးများထံပို့သည့် ‘ဦးလေးထွန်းအုန်း၏စကားလက်ဆောင်’ဟူသော သ၀ဏ်လွှာ၌ အောက်ပါအတိုင်းဖေါ်ပြထားပါသည်။
          “ပထမဦးဆုံး ဦးလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတိရတာကတော့ ၁၉၃၄-ခုနှစ်ကဘဲ။ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသာများသမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲလုပ်တယ် ဒီအခါမှာ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်တို့အဖွဲ့တစ်ခုဖွဲစည်းပြီး ရွေးကောက်ပွဲဝင်ကြတယ် ‘ကိုအောင်ဆန်းကိုမဲထည့်ပါ ကျုပ်တို့တာဝန်ယူပါတယ်’တဲ့၊ ဦးလေးကပြန်ပြောလိုက်တယ် ‘ဒါလောက်ရှုသိုးနေတဲ့ လူကိုမဲထည့်လိုက်လို့ ဘယ်ဖြစ်မလဲ မထည့်နိုင်ဘူးဗျာ’လို့ ဦးလေးပြန်ပြောလိုက်တယ်၊ ဒီအခါမှာ သူတို့က ခင်ဗျားတော်တော် ခေါင်းမာတဲ့လူဘဲလို့ မှတ်ချက်ချပြီး လက်လျှော့သွားကြတယ်  မဲရေတွက်ပြီးတဲ့ညနေကို ကိုအောင်ဆန်းဟာ ဦးလေးရဲ့အခန်းကိုရောက်လာတယ်။ ခပ်လှမ်းလှမ်းကတဲက သူကရယ်မောပြီး လှမ်းပြောလိုက် တယ် ‘ကိုထွန်းအုန်း ကျွန်တော်အရွေးမခံရဘူးဗျာ့ ဟဲ ဟဲ ဟဲ’ တဲ့။ အနားရောက်လာတော့ ဦးလေးကကုလားထိုင်ထိုးပေးပြီး ‘ခင်ဗျားစိတ်ဆိုချင်ဆိုး ခင်းဗျားကို ကျွန်တော်မဲမထည့်ခဲ့ဘူး’ လို့ ပြောလိုက်တော့ သူကအားရပါးရရယ်မောပြီး  ‘ဒါမျိုးမှကျွန်တော်ကြိုက်တာ။ မဲတန်ဘိုးဆိုတာ အဲ့ဒီလိုထားရတယ်ဗျ။ အရွေးမခံရတာ ခံရတာက အရေးမကြီးပါဘူး အပြင်လူအနေနဲ့လည်း ကျောင်းသားကိစ္စတွေ တပြုံတခေါင်းကြီးလုပ်နိုင်ပါတယ်   တိုင်တိုင်ပင်ပင်နဲ့ ဆက်ဆောင်ရွက် ကြတာပေါ့ဗျာ။’ စသည်ဖြင့် သုံးနာရီလောက် စကားလက်ဆုံကျပြီး သူငယ်ချင်းလုပ်ဖော်ဆောင် ဘက်အဖြစ် ရင်းနှီးသွားကြတယ်။” 
          “၁၉၄၅-၃၆ခုနှစ်ကျတော့လဲအမှုဆောင်များအဖြစ် တင်မြောက်ခံကြရတဲ့အခါ၊ ကျောင်းသား ကိုအောင်ဆန်းဟာ အထွေထွေအတွင်းရေးမှူးအနေနဲ့ အလုပ်သိပ်လုပ်ပြချင်တယ် ဒါပေမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက သူ့ရဲ့ဆက်ဆံမှုကို အားမရသေးတဲ့အတွက်သူ့ရဲစွမ်းရည်ကို ကလောင် ဖြင့်ပြစေဖို့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာတာဝန်အဖြစ် တာဝန်ယူစေတယ် လုပ်ပြချင်တာမလုပ်ရလို့ သူစိတ်ကောက်သွားသလား၊ မကောက်ပါဘူး၊ ထားတဲ့နေရာက သူ့စွမ်းရည်ကိုပြပြီး ကျောင်းသား ကိစ္စအ၀၀ကို ဆောင်ရွက်ခဲ့ပါတယ်၊ သာမန်အားဖြင့်သာဆိုရင် ငါတော်ရဲ့သားနဲ့ ငါ့ကိုနေရာမပေးရ ကောင်းမလားဆိုပြီး စိတ်လိုက်မာန်ပါဂွလုပ်မှာဘဲ။
ဒါတင်လား မဟုတ်သေးပါဘူး၊ လူလေးတို့သေသေချာချာ နားထောင်မှတ်ထားနော် ဦးလေးတို့ ၁၉၃၆-ခုနှစ် သပိတ်မှောက်ပြီးတဲ့နောက်ပိုင်းမှာတောင် သူ့ကိုတက္ကသိုလ်ကျောင်းသားများက သမဂ္ဂဥက္ကဋ္ဌနေရာကို မပေးသေးဘဲ ပြင်ပကျောင်းသားကြီးတစ်ယောက်ကို ဥက္ကဋ္ဌ၊ သူ့ကို ဒုတိယဥက္ကဋ္ဌနေရာမှာထားပြီး ဆောင်ရွက်စေကြတယ်။ ဒီလိုလုပ်လည်း သူဟာဘယ်သူ့ကိုမှ စိတ်ကွက်ခြင်း၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကိုထိုးဖေါက်မယ်ဟေ့ ဆိုတဲ့စိတ်မျိုးမထားဘဲ သဘောထားကြီးစွာ ကြည်ဖြူစွာ လုပ်ဖေါ်လုပ်ဖက်များ စီစဉ်ပေးတဲ့အတိုင်း စွမ်းစွမ်းတမန် လုပ်ပြပြန်ပါတယ်။”
          “ဒီလိုမြင့်မြတ်တဲ့စိတ်ထားတွေကြောင့် မြန်မာအမျိုးသားခေါင်းဆောင်တင်မက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ကြီးဖြစ်ခဲ့ပါတယ်။ လူသေပေမဲ့ သူ့အမည်ဟာမသေဘဲ ရာဇ၀င်မှာ အမြဲမှတ်တမ်းတင်ထားတော့မယ်ဆိုတာ ကလေးတို့သိကြတယ်”
          ဦးထွန်းအုန်းသည် ကျောင်းသားဘ၀မှစ၍ နယ်ချဲ့တော်လှန်ရေး ဖက်ဆစ်တော်လှန်ရေးတို၌ အောင်ဆန်းနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ အောင်ဆန်း၏ စိတ်နေသဘောထား ကို ခရေစေ့တွင်းကျသိသူဖြစ်ပါသည်။
          ၁၉၃၅-၃၆ခု တ-က-သ အမှုဆောင်ရွေးကောက်ပွဲတွင် အောင်ဆန်းအရွေးခံရပါသည်။ တကသ၏ အာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ရပါသည်။ ထိုနှစ် တ-က-သ သည် အတက်ကြွဆုံး အပြင်းထန်ဆုံးဖြစ်ပါသည်။ တက်ကြပြင်းထန်သည်နှင့် အမျှ မျက်နှာဖြူများ ကြီးစိုးနေသော တက္ကသိုလ်အာဏာပိုင်များ၏ ဖိနှိပ်မှုကိုလည်း ခံရပါသည်။
          တက္ကသိုလ်ကျောင်းအုပ် မစ္စတာဆလော့စ် (D.J Sioss)သည် သာမန်ကျောင်းအုပ်မျှသာ မကဘဲ၊ အစိုးရပိုင်းတွင် အလွန်ဝင်ဆန့်သူဖြစ်ပါသည်။ အုပ်ချုပ်ရေးသမားတပိုင်းလည်းဖြစ်သည် ဟု ဆိုနိုင်ပါသည်။ မြန်မာကျောင်းသားကလေးများ ဗြိသိသျှအစိုးရကို အထင်ကြီး၍ ကြောက်ရွံရိုသေလာအောင် ပုံသွင်းပေးလိုသူဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာလူမျိုးတို့အား ကျွန်စိတ်သွင်းပေးလိုသူဖြစ်ပါသည်။ မိမိကြိုးဆွဲတိုင်း ကသည့်ကျောင်းသား များအား အခွင့်ရေးပေးသလောက် မျိုးချစ်စိတ်ရှိသည့် ကျောင်းသားများကို ဖိနှိပ်သူဖြစ်ပါသည်။ မတရားအခွင့်ရေးယူလိုသော (၀ါ)ကျွန်စိတ်ရှိသော ကျောင်းသားများသည် ကျောင်းအုပ်ကြီးထံ၌ မျက်နှာလိုမျက်နှာရ လုပ်တတ်ကြပါသည်။ ထိုကျောင်းသားများ အိုင်စီအက်စ်၊ ဘီစီအက်စ်၊ စသည့်ရာထူးကြီးများရအောင် ကျောင်းအုပ်ကြီးကလည်း ကူညီပေးတတ်ပါသည်။
အခြားကျောင်းဆရာများသည်လည်း ကျောင်းအုပ်ကြီးကိုအတုယူကာ အလွန်ဗြူရိုကရက် ဆံကြသည်။ ကျောင်းသားများနှင့်ဆက်ဆံရာတွင် ဆရာတပည့်သဘောမျိုးမထားဘဲ ကျွန်သခင်သဘောမျိုးဖြင့် ဆက်ဆံကြပါသည်။ ကျောင်းသားတစ်ယောက်သည် ကျောင်းတက်ချိန် စာရင်းခေါ်ရာ၌ (ဆာ)ထည့်၍မခေါ်မိသဖြင့် ကျောင်းထုတ်ခံရပါသည်။ မျက်နှာဖြူပါမောက္ခ တစ်ဦးကမူ  “မင်းတို့ကကျွန်လူမျိုးငါကသခင်လူမျိုး ငါ့ပြန်မပြောနှင့်”ဟုပင် မောက်မာစွာပြောဆို ဘူးပါသည်။
          ဤအတောအတွင်း တ-က-သ အစည်းဝေးတစ်ခု၌ဥက္ကဋ္ဌကိုနု(၀န်ကြီးချုပ်ဟောင်းဦးနု)က “သမဂ္ဂအပေါ်တွင်လည်းကောင်း မျိုးချစ်စိတ်ရှိသောကျောင်းသားများ အပေါ်တွင်လည်းကောင်း အစိုးရကနှိမ်လိမ့်မည်”ဟု ဟောမိသဖြင့် တက္ကသိုလ်အာဏာပိုင်များက ကိုနုကိုကျောင်းမှထုတ်ပြစ် လိုက်ကြပါသည်။ ထိုအခါကျောင်းသားများ၏မကျေနပ်မှုသည် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာပါသည်။ ထိုအချိန်တွင် တ-က-သ၏အာဘော်ဖြစ်သော ‘အိုးဝေမဂ္ဂဇင်း’တွင် (A hell hound at large လွတ်နေသောငရဲခွေးကြီးတစ်ကောင်) ဟူသော ဆောင်းပါးတစ်ခုပါလာပါသည်။ ထိုဆောင်းပါးတွင် တက္ကသိုလ်အရာရှိတစ်ယောက်အကြောင်းကို စောင်းပါးရိပ်ခြည် ဖေါ်ပြထားပါသည်။
          အာဏာမာန်ယစ်နေသော တက္ကသိုလ်ကျောင်းအုပ်ကြီးသည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သော အောင်ဆန်းကိုခေါ်၍ ဆောင်းပါးရှင်ကို ထုတ်ဖေါ်ပြောဆိုရန် တောင်းဆိုပါသည်။ ဆောင်းပါးရှင်နာမည်ကို ထုတ်ဖေါ်ပြောဆိုလျှင် အောင်ဆန်းကို မည်သို့မျှ အရေးမယူဟုလည်း ပြောလိုက်ပါသေးသည်။ အမှန်မှာ ကျောင်းအုပ်ကြီးသည် ဆောင်းပါးရှင်မည်သူမည်ဝါဖြစ်သည်ကို ရိပ်မိသော်လည်း တာဝန်ခံအယ်ဒီတာ၏ အတည်ပြူချက်ကို ရယူလိုသဖြင့် အောင်ဆန်းကို ခေါ်၍မေးခြင်းဖြစ်ပါသည်။
          ချော့၍လည်းမပျော့ ချောက်၍လည်းမကြောက်တတ်သော အောင်ဆန်းသည် “အယ်ဒီတာတို့မည်သည် ဆောင်းပါးရှင်များ၏ အမည်ကို ထုတ်ဖေါ်ပြောဆိုရိုးထုံးစံမရှိ။ ခင်ဗျားတို့လုပ်ချင်သလိုလုပ်ကြ၊ ထုတ်ဖေါ်မပြောနိုင်”ဟု ပြန်ပြော၍ ကျောင်းအုပ်ကြီးအခန်းမှ ထွက်ခဲ့ပါသည်။ ထို့ကြောင့် တက္ကသိုလ်အာဏာပိုင်များသည် အောင်ဆန်းကိုကျောင်းမှထုတ်ရန် စီစဉ်ကြပါသည်။
          ထိုအချိန်တွင် ကျွန်တော်သည် ဘီအေအောင်သဖြင့် ကျောင်းမှထွက်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် တစ်ခုတည်းသော ၀ံသာနုသတင်းစာဖြစ်သည့် ‘နယူဘာမား’(The New Burma) တွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်နေပါသည်။
၁၉၃၆-ခု ဖေဖေါ်ဝါရီလ ၂၅-ရက်နေ့ထုတ် သတင်းစာများတွင် ‘ကိုအောင်ဆန်းကိုလည်း ကျောင်းထုတ်လိမ့်မည်’ဟူသောသတင်းကို ဖတ်ရပြီးနောက် ကျွန်တော်သည် တ-က-သသို့ သွားပါသည်။ ကျွန်တော်ရောက်သွားချိန်တွင် ကျောင်းသာထုအစည်းဝေးကျင်းပရန် စီစဉ်နေကြပါသည်။ မကျေနပ်မှု နစ်နာမှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသော ကျောင်းသားများသည် “သပိတ်မှောက်မယ်ကွ”ဟု ကြွေးကြော်ကြကာ တ-က-သခန်းမသို့ တဖွဲဖွဲ ရောက်ရှိလာကြပါသည်။               ဥက္ကဋ္ဌကိုနုနှင့်အချို့တ-က-သခေါင်းဆောင်များသည် ကျောင်းသားထုတစ်ရပ်လုံး သပိတ်မှောက် ခြင်းကိုမလိုလား၊ မိမိတို့အမှုဆောင်များသာ စာမေးပွဲကို သပိတ်မှောက်မည်ဟုဆုံးဖြတ်ထား ကြပါသည်။ သို့သော်လည်း နိုးကြားတက်ကြွနေသော ကျောင်းသားထု၏ တော်လှန်ရေးစိတ်ဓာတ်ကို မည်သူတားနိုင်အံ့နည်း။
          အစည်းအဝေးတွင် အခြားပုဂ္ဂိုလ် တစ်ယောက်နှစ်ယောက်လောက် စကားပြောပြီးသောအခါ အောင်ဆန်းထပါသည် ပရိသတ်၏သြဘာသံကား နားကွဲလုမတတ် မြည်ဟည်းသွားပါသည်။ မြန်မာဘာသာဖြင့်ပြောရန် စလိုက်ရာ ကုလားကျောင်းသားတစ်ယောက်က “အင်္ဂလိပ်လိုပြောပါ ကျွန်တော်တို့ မြန်မာစကား ကောင်းကောင်းနားမလည်ဘူး”ဟု ပြောသဖြင့် အောင်ဆန်းသည် အင်္ဂလိပ်ဘာသာဖြင့် ပြောရပါတော့သည်။
          ထိုနေ့က အောင်ဆန်း၏ပြောဆိုပုံသည် အထက်တွင်ဖေါ်ပြခဲ့သော စကားရည်လုပွဲ၌ ပြောဆိုပုံနှင့် ဆီနှင့်ရေကွာဘိသကဲ့သို့ ကွာခြားနေပါသည်။ အင်္ဂလိပ်စကားကို ရေရေလည်လည် နိုင်နိုင်နင်းနင်း ပြောဆိုနိုင်ရုံမက အချက်အလက်များသည်လည်း ထိလှမိလှရကား ကြားရသူများအဖို့ ကြက်သီးမွှေးညှင်းထစရာပင်။
          လေးနှစ်(၁၉၃၂ခုမှ ၁၉၃၆)အတွင်း အောင်ဆန်း၏တိုးတက်မှုသည် ချီးကျူးလောက်ပေသည်။ အောင်ဆန်းတိုးတက်လာသည်မှာ အခြားကြောင့်မဟုတ် အောင်ဆန်းသည် ကျောင်းပိတ်ရက်များ အတွင်း အလကားမနေဘဲ အက်ခ်မန်းဘာ့ခ်(Edmund Burke)ဒစ်စ်ရေလီ(Disraeli)စသော အင်္ဂလိပ်ပါလီမန် ရာဇ၀င်တွင် ထင်ရှားကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်ကြီးများ၏ မိန်ခွန်းများကို အလွတ်လောက်နီးနီးရအောင် ဖတ်ထားသောကြောင့်ဖြစ်ပေသည်။
          ကျောင်းသာလေးငါးယောက်လောက် စကားပြောပြီးသောအခါ အားလုံးတညီတညွတ်တည်း တက္ကသိုလ်ကိုသပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ အချို့ကျောင်းသားများသည် စိတ်မရှည်နိုင်တော့ဘဲ “ဘာလေရှည်နေတာလဲ မြန်မြန်ဆင်းကြ”ဟု ဟစ်အောင်၍ အသင့်စောင့်နေသော ဘတ်စ်ကားများပေါ်သို့ ပြေးတက်ကြပါသည်။ ထို့နောက်တက္ကသိုလ်နယ်မြေကို လှည့်ပတ်ကာ ကြွေးကြော်သံများကြွေးကြော်ပြီးနောက် သပိတ်စခန်းပြုလုပ်မည့် ရွှေတိဂုံဘုရားသို့ ချီတက်ကြပါသည်။ ကျောင်းသူအချို့လည်း လိုက်ပါလာကြပါသည်။ ကျောင်းအုပ်ကြီ၏ ‘အချော်များ’ ကားသပိတ်မှောက်မည့်သူများကို လှောင်ပြောင်၍နေရစ်ခဲ့ကြပါသည်။ အချို့မပြတ်သားသော ကျောင်းသားများသည်လည်း ရွှေတိဂုံဘုရားရောက်ပြီးမှ ကျောင်းသို့ပြန်သွားကြပါသည်။ သို့သော်လည်း ၄င်းတို့ဦးရေမှာ မများလှပေ။
          သပိတ်အင်အားသည် အားရဖွယ်ကောင်းပါသည်။ ကျောင်းသားများ၏ မျိုးချစ်စိတ်နှင့် ရဲဘော်စိတ်တို့သည် ချီးကျူးလောက်ပေသည်။ မျိုးချစ်ပုဂ္ဂိုလ်များနှင့် အမျိုးသားသတင်းစာများက လည်း သပိတ်သမားများကို အားပေးကူညီကြပါသည်။ နာမည်ကျော်ကာတွန်းဆရာကြီး ရွှေတလေးခေါ် ဦးဘကလေးက သတင်းစာတစ်စောင်တွင် ကာတွန်းရေးဆွဲပြီး
                   “မာစတာ ဆလော့တဲ့ဆရာ 
 အာဏာပါဏာပြခဲ့တာ
 သပိတ်ကိုညီညီညာညာ
 မှောက်လိုက်ကြစိုဒီတစ်ခါ။”
စသည်ဖြင့်ဖေါ်ပြလိုက်ပါသည်။
     အတက်ကြွဆုံး သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များတွင် အောင်ဆန်းပါဝင်ခဲ့သည်ကို
အထူးဖေါ်ပြရန်လိုမည်မထင်ပါ။ ထိုသို့ပါဝင်ခဲ့သည့်အတွက် အောင်ဆန်းသည်ထိုနှစ်စာမေးပွဲ(ဘီ-အေ
အထက်တန်းစာမေးပွဲ)ကို မဖြေနိုင်ဘဲ နောက်နှစ်၁၉၃၇ မှာမှဖြေဆိုရပါသည်။ တနည်းအားဖြင့်ဆိုလျှင်
အောင်ဆန်းအဖို့ တစ်နှစ်ပုတ်သွားပါသည်။ အချို့သပိတ်ခေါင်းဆောင်များသည်ကျောင်းသားလုထုရှေ့
တွင် လက်သီးလက်မောင်းတန်း၍ အာဘောင်အာရင်းသန်သန်ဖြင့် ဟောပြောကြသော်လည်း
ကွယ်ရာတွင် စာခိုးကျက်ကြသည်ဟု သိရပါသည်။ အောင်ဆန်းသည်ကား မည်သည့်အခါမှ
လုပ်ငန်းအပေါ်တွင်လည်းကောင်း ရဲဘော်ရဲဘက်များအပေါ်တွင်လည်းကောင်း သစ္စာမဖေါက်ချေ။
     တက္ကသိုလ်သပိတ်သည် ဟိုက်စကူးကျောင်းများသို့လည်း ကူးစက်သွားလေသည်။
သပိတ်၏ကျေးဇူးကြောင့် တက္ကသိုလ်အာဏာပိုင်များသည် ထုတ်ထားသောကျောင်းသားများကို ပြန်၍
လက်ခံရသည့်ပြင် အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ကျောင်းသားကိုစားလှယ်များကိုလက်ခံရပါ
တော့သည်။အင်္ဂလိပ်လူမျိုးကျောင်းအုပ် မစ္စတာဆလော့စ်နုတ်ထွက်သွားရ၍ မြန်မာအမျိုးသား
ဆရာကြီးဦးဖေမောင်တင် ကျောင်းအုပ်ဖြစ်လာပါသည်။ မြန်မာအမျိုးသားများအနေဖြင့် ပထမဆုံး
အကြိမ် တက္ကသိုလ်ကျောင်းအုပ်ဖြစ်ခြင်းပေတည်း။ ထို့ပြင် ဗြိသိသျှအစိုးရသည် ကျောင်းသားကိစ္စကို
လစ်လျူရှုမထားရဲဘဲ တရားဝန်ကြီးဆာဦးမြဘူးခေါင်းဆောင်သော စုံးစမ်းရေးကော်မရှင်တစ်ခုဖွဲ့၍
တက္ကသိုလ်အက်ဥပဒေပြင်ဆင်ရန် စီစဉ်ရပါတော့သည်။ ထိုကော်မရှင်တွင် ကျောင်းသားကိုယ်စား
လှယ်အဖြစ် အောင်ဆန်းဝင်ရောက်ဆောင်ရွက်ရပါသည်။
အခြားအရေးကြီးသောရလဒ်တစ်ခုမှာ ကောလိပ်ကျောင်းသားများနှင့်  ဟိုက်စကူးကျောင်းသား များ စည်းလုံးညီညွတ်လာ၍ ‘မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ’ဟု ပေါ်လာခြင်းဖြစ်ပါ သည်။ အထက်ကျော်ကာရီကမူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားအဖွဲ့အစည်းဟူ၍ မရှိခဲ့ဘူးပေ။
     အောင်ဆန်းသည်ထိုနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ၊ နောက်နှစ်တွင် ဥက္က
 အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါသည်။
     ၁၉၃၆-ခုနှစ် ကျောင်းပြန်ဖွင့်သောအခါ အောင်ဆန်းသည် တ-က-သ၏ဒုတိယဥက္ကဋ္ဌဖြစ်လာ
ပါသည်။ ဥက္ကဋ္ဌမှာ ၀န်ကြီးဟောင်း အမ်အေရာရှစ်ဖြစ်ပါသည်။ရာရှစ်သည် ကုလားလူမျိုးဖြစ်သဖြင့်
ကျဉ်းမြောင်းသောအမျိုးသားရေးစိတ်ဓာတ်ရှိသည့် ကျောင်းသားများက ရာရှစ်ကိုဥက္ကဋ္ဌမတင်လိုကြပါ။
အမြင်ကျယ်သောအောင်ဆန်းကား ဘာသာမရွေး၊ လူမျိုးမရွေး ထိုက်သင့်သည်ကို နေရာပေးမည်ဆို
သည့်မူကို အမြဲစွဲကိုင်ထားသည့်အတိုင်း ရာရှစ်ကိုဥက္ကဋ္ဌတင်လိုသူဖြစ်ပါသည်။ အောင်ဆန်းသည်
ကုလားထိုင်လုလိုသည်မဟုတ်ပါ။ လုပ်ငန်းအောင်မြင်မှုတစ်ခုတည်းကိုသာ ရှေ့ရှုသူဖြစ်ပါသည်။
ကျဆုံးသည့်နေ့အထိ အောင်ဆန်းတွင် ထိုစိတ်ဓာတ်အပြည့်အ၀ရှိပါသည်။ ထိုစိတ်ဓာတ် (၀ါ)သဘော
ထားကြီးမှုကြောင့်ပင် သူ၏လုပ်ဆောင်ချက်များ အောင်မြင်ခြင်းဖြစ်ပေသည်။
     ကျောင်းသားခေါင်းဆောင်ဘ၀ကပင် အောင်ဆန်းသည် တိုင်းပြည်လွတ်လပ်ရေးအတွက်ပြင်ဆင်
နေသူ ဖြစ်ပါသည်။ ပြင်ဆင်ရာ၌ အဖက်ဖက်မှ ပြင်ဆင်ခြင်းဖြစ်ပါသည်။ ခေါင်းဆောင်မှုပေးနိုင်အောင်
ပညာအရည်ချင်းနှင့်ပြည့်စုံစေရန် ပြင်ဆင်ရုံမက လွတ်လပ်ရေးတိုက်ပွဲတစ်လျှာက်တွင် တွေ့ကြုံခံစား
ရမည့်ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နိုင်ရန်လည်းပြင်ဆင်သည်။
          ကျောင်းသားခေါင်းဆောင်အနေဖြင့်တ-က-သတွင်အိပ်၊တ-က-သတွင်စားသည်ကများပါ သည်။အိပ်သောအခါ မွေ့ယာကုတင်ပေါ်မှာမအိပ်။တန်းလျားခုံပေါ်မှာ ခြုံစရာခင်းစရာမပါဘဲ
အိပ်လေ့ရှိသည်။ တ-က-သ၏ဖွားဘက်တော်အစောင့် ဦးကံသိန်းက မကြည့်ရက်သဖြင့် အိပ်ရာခင်း
ပေးသောအခါ “ကျုပ်ကနိုင်ငံရေးလုပ်မဲ့လူ ထောင်ထဲကထွက်ရမှာမဟုတ်ဘူး ဒါကြောင့် ခုကတဲကျင့် နေတာ”ဟု ပြော၍ လက်မခံပေ။ ကျောင်းပိတ်ရက်များအတွင်း တောလက်ကျေးရွာများသို့   
သွားရောက်လေ့လာ၍ ပြန်ရောက်လျှင် သွေးချင်းသားချင်းများဖြစ်ကြသော တောင်သူလယ် သမားများ မည်မျှဆင်းရဲကြပုံကို ပြောပြလေ့ရှိသည်ဟု ဦးကံသိန်းက ကျွန်တော့်အားပြောပြ ဘူးပါသည်။                                  
          နိုင်ငံရေးအစစ်အမှန်ဟူသည် စည်းစိမ်ရှိသည့်အလုပ်မဟုတ် ဒုက္ခအပြည့်ပြည့်နက်နေသည်ကို အောင်ဆန်းကောင်းစွာသိသည်။ သိသည့်အတိုင်း ထိုဒုက္ခများကို ရင်ဆိုင်နိုင်ရန် ကျောင်းသားဘ၀က ပင် ပြင်ဆင်ခဲ့သည်။ အောင်ဆန်းသည် မျက်စိကန်းတစ္ဆေမကြောက် မိုက်ရူးရဲလုပ်တတ်သူမဟုတ်ပေ။
          အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င် နိုင်ငံရေးဗေဒတို့ကို သင်ယူခဲ့သော အောင်ဆန်းသည် ၁၉၃၇-ခုမတ်လတွင် ဘီအေစာမေးပွဲအောင်မြင်ပါသည်။ ဘီအေအောင်သည့်အထိ စာမေးပွဲ တစ်ခါမှ မကျဘူးပေ။ သို့သော်လည်း နောက်နှစ်တွင်ကား ကျောင်းသားကိစ္စ နိုင်ငံရေးကိစ္စတို့ကို အချိန်ပြည့် ဆောင်ရွက် နေရသည်ဖြစ်ရာ စာကျက်ချိန်မရသဖြင့် ဘီအယ်လ်(ဥပဒေပညာ) ပထမနှစ် စာမေးပွဲတွင် ရှုံးပါသည်။ အောင်ဆန်း၏ပထမအကြိမ်ရှုံးခြင်းနှင့် နောက်ဆုံးအကြိမ်ရှုံးခြင်းပေတည်း။
          ထိုနှစ် ၁၉၃၇-၃၈တွင် အောင်ဆန်းသည် တ-က-သ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ပင် ဆက်လက် ဆောင်ရွက်ပါသည်။ ဥက္ကဋ္ဌဖြစ်ထိုက်သော်လည်း မလုပ်ရသဖြင့် စိတ်ကောက်မသွားဘဲ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ပါသည်။ ထို့နောက် ၁၉၃၈-၃၉တွင် အောင်ဆန်းကို တ-က-သ၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြလေသည်။
(စာရေးသူ-ဗိုချုပ်အောင်ဆန်း၏အကိုအရင်း-ဦးအောင်သန်း)
တင်ပြသူ၏အမှာစာ- အမှတ်မထင် သူငယ်ချင်းအခန်းထဲမှ အောင်သန်း၏အောင်ဆန်း စာအုပ်ကို ဖတ်လိုက်ရ၍ လူတိုင်းဖတ်သင့်သောစာအုပ်ဖြစ်နေသောကြောင့် မိမိရဲ့ဘလော့ဂ်နှင့် မိမိရေးနေသော ဆိုဒ်များမှတင်ပြပေးလိုက်ရပါသည်။ အမှားများတွေ့ပါကခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(အပိုင်းခွဲ၍တင်ပြပါမည်)
နန္ဒလျန်-ရွှေမိုးညှင်း

    

Friday 13 July 2012

အောင်သန်း၏အောင်ဆန်းအပိုင်း(၃)


(၃)ရန်ကုန်တက္ကသိုလ်၌
၁၉၃၂-ခု-နှစ်တွင် အောင်ဆန်းသည် အင်္ဂလိပ်မြန်မာ ဆယ်တန်းကို မြန်မာစာနှင့် ပါဠိဘာသာတို့တွင် ဂုဏ်ထူးဖြင့်အောင်မြင်၍ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာပါသည်။ ထိုခေတ်က ကောလိပ်ကျောင်းသူ၊ ကျောင်းသားများသည် အများအားဖြင့် အထက်တန်းလွှာနှင့် အလတ်တန်းလွှာများမှ လာကြသူများဖြစ်၍ အလွန်-ရှိုး-ထုတ်ကြပါသည်။ ၀တ်စားဆင်ယင်ရာ၌ ကောင့်ပေ့၊ လှပေ့၊ ဆန်းပေ့ဆိုသည် အ၀တ်များကိုသာ ဂုဏ်တုဂုဏ်ပြိုင် ၀တ်ဆင်ကြပါသည်။ ထိုခေတ်ထိုအချိန်တွင် ကောလိပ်ကျောင်းသားဖြစ်လာသော အောင်ဆန်းသည် တမူထူးခြားနေပါသည်။
အခြားကျောင်းသားများ စတိုင်ထုတ်သလောက်(၀ါ)ဂိုက်ပေးသလောက် အောင်ဆန်းသည် အ၀တ်ကိုလည်းဂရုမစိုက် အစားကိုလည်းဂရုမစိုက် အနေအထိုင်ကိုလည်းဂရုမစိုက် ဖြစ်သလိုနေပါသည်။အခြားကျောင်းသားများ ဘိုကေပြောင်နေအောင် ဖီးလိမ်းပြင်ဆင်သလောက် အောင်ဆန်းသည် အမြဲဆံပင်စုတ်ဖွားဖြင့်နေတတ်ပါသည်။ အခြားကျောင်းသားများသည် ပိုး ဖဲ ကတ္တီပါ ဘန်ကောက်စသော အကောင်းစားအထည်များကို ၀တ်ဆင်သော်လည်း အောင်ဆန်းကား မန္တလေးလုံချည်တပတ်နွမ်း၊ပင်နီတိုက်ပုံအင်းကျီ တခါတရံ သက္ကလပ်အင်္ကျီ တပတ်နွမ်း စသည်တို့ကိုသာ ၀တ်ဆင်လေ့ရှိပါသည်။ အခြားကျောင်းသားများသည် မိမိတို့၏ အခန်းများကို လှပအောင်မွမ်းမံချယ်လှယ်ထားကြသဖြင့် အခန်းများလှပခန့်ညားသလောက် အောင်ဆန်း၏အခန်းသည်ရှုပ်ပွနေပါသည်။ တခန်းလုံး၌စာအုပ်များပြန့်ကြဲနေ၍ အင်္ကျီလုံချည်တို့လည်း နေရာအနှံ့အပြား ရောက်နေကြပါသည်။ အိပ်ရာကိုလည်း မည်သည့်အခါမျှ မသိမ်းဘဲ ခြင်ထောင်ကိုလည်း အမြဲထောင်ထားပါသည်။
          သပ်သပ်ယပ်ယပ် နေတတ်ထိုင်တတ်သော ကျောင်းသားများက မည်မျှနှာခေါင်းရှုံစေကာမူ အောင်ဆန်းကား ပတ်ဝန်းကျင်ကိုလုံးဝဂရုမစိုက် ၀တ်မြဲနေမြဲအတိုင်းပင်။ အခြားကျောင်းသားများက သူ့အားဖော်ရွေစွာ နှုတ်ဆက်သော်လည်း သူကပြန်၍ နှုတ်ဆက်ချင်မှ နှုတ်ဆက်သည်။ ထိုသို့သော အောင်ဆန်းကို ကျောင်းသားအများက ‘ဂွစာ’ဟု ကင်ပွန်းတပ်ကြသည်မှာ မထူးဆန်းလှပေ။
          ထိုမျှဂွကျသော်လည်း အောင်ဆန်းသည် အလွန်စာဖတ်သူဖြစ်ပါသည်။ စာဖတ်ရာ၌ ကျောင်းသင်စာအုပ်များကိုပါမက အပြင်အပမှစာအုပ်များ (အထူးသဖြင့်နိုင်ငံရေးစာအုပ်များ)ကိုပါ ဖတ်လေ့ရှိပါသည်။ ဖတ်ရာ၌လည်း အခန်းနီးချင်းများအတွက် အနှောင့်အယှက်ဖြစ်မည် မဖြစ်မည်ကိုပင် သတိမပြုနိုင်တော့ဘဲ အော်ဖတ်လိုက ဖတ်တတ်ပါသည်။ အောင်ဆန်းသည် မိမိကိုနှုတ်ဆက်သူများအား ပြန်နှုတ်ဆက်လိုမှနှုတ်ဆက်ခြင်း စာအော်ဖတ်လိုက ဖတ်ခြင်းတို့သည် အခြားကျောင်းသားများအား စော်ကားလိုသော မောက်မာလိုသည့် စိတ်ဓာတ်ကြောင့်မဟုတ်။ စဉ်းစားချင်ရာစဉ်းစား၍ ပတ်ဝန်းကျင်ကိုမေ့နေသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့်ပင် တခါက အင်္ဂလိပ်စာပါမောက္ခ မစ္စတာရို့ဒ်စ်((F.W.W.Rhodes)က ကျွန်တော့်အား “မင့်ညီဟာ မိုးပေါ်ခဏခဏတက်နေလို့ ငါကမြေကြီးပေါ်ပြန်ရောက်အာင် ချချပေးနေရတယ်”ဟု ရယ်မောပြောဆိုဘူးပါသည်။
          အောင်းဆန်း ဘာတွေစဉ်းစားနေပါသနည်း။ လူပျိုအရွယ်တို့သဘာဝအလျောက် မိန်းကလေးတွေအကြောင်းကို စဉ်းစားနေပါသလား။ မဟုတ်ပါ၊ အောင်ဆန်းစဉ်းစားနေသည်မှာ ကျွန်ဖြစ်နေသော အဖနိုင်ငံကို မည်သို့ကယ်တင်ရမည်နည်း ဆိုသည့် အလွန်ကြီးကျယ်သော ပြဿနာများကို စဉ်းစားနေကြောင်း သူ၏နောက်ပိုင်းလုပ်ရပ်များက သက်သေခံပါသည်။
          အောင်ဆန်းသည် လောကွတ်လုပ်တတ်သူမဟုတ်ပါ စိတ်ထဲကမပါဘဲ လောကွတ်စကားတွေ ပြောနေခြင်းဖြင့် အချိန်ဖြုန်းလိုသူမဟုတ်ပါ။ ၁၉၄၇-ခု ဇူလိုင်လ ၂၉-ရက်နေ့ တိုင်းပြုပြည်ပြု လွတ်တော်အစီးဝေးတွင် ‘ကြေကွဲဝမ်းနည်းကြောင်း’အဆိုတင်သွင်းရင်း ၀န်ကြီးချုပ်ဟောင်းဦးနုက အောက်ပါအတိုင်းပြောကြားခဲ့ဘူးပါသည်။ “အဲ့ဒီလိုတွေ့ရတဲ့အခါမှာကိုအောင်ဆန်းဟာ သူများနှင့်မတူအောင်ထူးခြားတဲ့ အမူအရာတွေကို စပြီးတွေ့ရတော့တာပဲ၊ဥပမာ စတွေ့ကြတယ်ဆိုရင် တယောက်နှင့်တစ်ယောက် ဟက်ဟက်ပက်ပက် နှုတ်ဆက်ကြတယ် သူတစ်ယောက်ထဲကဘဲ ဘာမှမပြောဘဲ ငုတ်တုပ်ထိုင်နေတယ်၊ သည်တော့အတော်ထူးဆန်းတဲ့ပုဂ္ဂိုလ်ဘဲလို့ အောက့်မေ့ပြီး အဲ့ဒီနေ့ အချိန်ကုန်ပြီးပြန်ခဲ့ရတယ် ”
          “အဲ့ဒီမှာတွေ့ကြတဲ့အကြောင်း အကြောင်းပြုပြီး လမ်းမှာတွေ့တဲ့အခါဘယ်သွားမလို့လဲ ဘယ်ကလာလဲ ဘာလုပ်မလို့လဲ စသည်ဖြင့်နှုတ်ဆက်ကြတယ် နှုတ်ဆက်တဲ့အခါမှာ ကိုအုန်း၊ ကျွန်တော်၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်းတို့ကသာ ဒီလိုနှုတ်ဆက်ကြတယ် ကိုအောင်ဆန်းကတော့ နှုတ်ဆက်ပေမဲ့ လှည့်မကြည့်ဘဲ လျှောက်သွားချင်သွားတာဘဲ၊ ပြန်ပြောချင်မှပြောတယ်၊ ရပ်ကြည့်ပြီး လျှောက်သွားချင်သွားတာဘဲ။”
          “သူမပြောဘူးဆိုပြီး သူ့ကိုဖာသိဖာသာနေလိုက်ပေမဲ့ အဲ့ဒီအခါမှာ အပိုမပါဘဲ ပြောစရာရှိတာ လာပြီးပြောတာဘဲ။ ကျွန်တော်ကလည်းအကြောင်းမသိဘူး၊ တွေ့တာလဲနောက်ကျနေတယ်၊ တစ်နေ့တော့ ကိုသိန်းဖေကို အဲ့ဒီကိုအောင်ဆန်းဆိုတဲ့လူဟာ ဘယ်လိုလူစားလဲ လမ်းမှာတွေ့ရင် နှုတ်ဆက်လို့လဲမရဘူး၊ ပြုံးလို့လဲမရဘူး၊ သူ့ကို လူထူးဆန်းတမျိုးဘဲလို့ အဲ့ဒီလို အမှတ်သညာ ထားလိုက်တယ်”
          နောက်ခြောက်လလောက်အကြာ သူနဲ့ရင်းရင်းနှီးနှီးပေါင်းကြည့်လိုက်တဲ့ ခါကျတော့ ကိုအောင်ဆန်းဟာ လောကွတ်ဆိုတာ သာပြီးသူအယုံအကြည်မရှိသေးတယ် လောကွတ်ပြောနေတဲ့သူတွေဟာ တစ်ယောက်နှင့်တစ်ယောက် ညာနေတဲ့လူတွေဘဲ။
          “ဒီတော့ကာ တစ်ယောက်နှင့်တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပေါင်းရမဲ့သူတွေဟာ လောကွတ်တွေဘာတွေ အပိုအလုပ်တွေ ပြောနေဘို့မလိုဘူး၊ ပြောစရာရှိတာတွေပြော၊ ဆိုစရာရှိတာတွေဆို အရေးရှိတဲ့အခါမှ ပြောဆိုဘို့ ဆွေးနွေးစရာရှိတာတွေဆွေးနွေးဘို့ ဒါဘဲ။”
          “အဲ့ဒီအခါမှာ သွားတွေ့တော့ ကိုအောင်ဆန်းဟာ ကျွန်တော်တို့ထင်တဲ့အတိုင်း ကတ်သီးကတ်သတ် လူတစ်မျိုးမဟုတ်ဘဲ အတိအကျကို လိုလားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုပြီး ကျွန်တော်တို့တွေ့ရပါတယ်”      
          ၁၉၃၂-၃၃ခု ကျောင်းဖွင့်စတွင် တက္ကသိုလိုလ်သမဂ္ဂက ကြီးမှူးလျက် ‘ဘုန်းတော်ကြီးမျာသည် နိုင်ငံရေးမလုပ်သင့်’ဟူသောအဆိုတစ်ရပ်ကို အင်္ဂလိပ်ဘာသာဖြင့် စကားရည်လုပွဲတစ်ခု ကျင်းပပါသည်။ ထိုအဆိုကို ကျွန်တော်တို့တင်သွင်း၍ ကိုအေးချိုဆိုသူက ကန့်ကွက်ပါသည်။
          စကားရည်လုပွဲမပြုလုပ်မီကပင် ဤပြဿနာနှင့် ပတ်သက်၍ ရန်ကုန်ဂေဇက်(The Rangoon Gazette) သတင်းစာတွင် အခြေအတင်ရေးသားကြပါသည်။ အကြောင်းအရာမှာ နိုင်ငံရေးဆက်ဆံနေရကား အပြင်မှနိုင်ငံရေးသမားများလဲ ၀င်ရေးကြပါသည်။ ထိုအချိန်က နိုင်ငံရေးလောက၌ အိန္ဒယပြည်နှင့် မြန်မာပြည်ခွဲရေး တွဲရေးပြဿနာသည် ထိပ်တန်းရောက်နေ ပါသည်။
ဗြိသိသျှတို့သည် မြန်မာပြည်ကို သုံးကြိမ်သုံးလည် (၁၈၂၄-၁၈၅၂-၁၈၈၅)တိုက်ခိုက်သိမ်းယူ၍ အိန္ဒိယပြည်အတွင်း ထည့်သွင်းထားကြပါသည်။ အုပ်ချုပ်ရေးကို စောစောပိုင်း၌ မင်းကြီးချုပ်၊ နောက်ပိုင်း၌ ဒုတိယဘုရင်ခံ၊ ထို့နောက် ဘုရင်ခံကဆောင်ရွက်သည်။ ထိုပုဂ္ဂိုလ်များသည် အိန္ဒိယပြည်ရှိ ဘုရင်ခံချုပ်၏ လက်အောက်ခံများဖြစ်ကြပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာပြည်သည် အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုမျှသာဖြစ်၍ မြန်မာပြည်၏ အုပ်ချုပ်ရေးအကြီးအကဲများသည် အိန္ဒိယဘုရင်ခံချုပ်၏ အမိန့်ကို နာခံကြရပါသည်။
          မြန်မာပြည်နိုင်ငံရေးသမားများထဲတွင် အိန္ဒယပြည်မှ ခွဲထွက်မှ တိုင်းပြည်အတွက် ပိုမိုအကျိုးရှိမည်ဟု ယူဆသူများရှိသကဲ့သို့ အိန္ဒိယပြည်နှင့်တွဲနေမှ ပိုအကျိုးရှိမည်ဟု ယူဆသူများ လည်းရှိနေပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် အိန္ဒိယပြည့်နှင့် မြန်မာပြည်ခွဲရေးတွဲရေးနှင့် ပတ်သက်၍ နိုင်ငံရေးလောကတွင် ပဋိပက္ခဖြစ်နေပါသည်။ ခွဲရေးဘက်မှခေါင်းဆောင်မှာ ဦးဘဖေဖြစ်၍ တွဲရေးဘက်မှခေါင်းဆောင်မှာ ဦးချစ်လှိုင်၊ ဒေါက်တာဘမော်တို့ ဖြစ်ကြပါသည်။ (ဒေါက်တာဘမော်သည် ထိုအချိန်မှစ၍ နိုင်ငံရေးနယ်ထဲ ၀င်လာခြင်းဖြစ်ပါသည်။)
          ပရိယာယ်အရာတွင် အလွန်လိမ္မာပါးနပ်သော ဗြိသိသျှအစိုးရသည် ခွဲရေးတွဲရေးပြဿနာကို မိမိတို့မဆုံးဖြတ်လို၊ မြန်မာအမျိုးသားများကိုယ်တိုင် ဆုံးဖြတ်စေလိုသည်။ ထိုသို့ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေငြာပါသည်။ ရွေးကောက်ပွဲ (၁၉၃၂)ပြီး၍ တွဲရေးထောက်ခံသော အမှတ်လောင်းများ ပိုမိုအရွေးခံရသော်လည်း တိကျပြတ်သားစွာ မဆုံးဖြတ်နိုင်ကြသဖြင့် ဗြိသိသျှအစိုးရသည် (၁၉၃၅-ခု မြန်မာပြည် အုပ်ချုပ်ရေးအက်ဥပဒေအရ) ၁၉၃၇-ခုဧပြီလ၁-ရက်နေ့တွင် မြန်မာပြည်ကို အိန္ဒိယပြည်မှခွဲထုတ်ပေးလိုက်ပါသည်။
          ကျေးလက်လုထုအပေါ်တွင် လွန်စွာသြဇာကြီးမားသော ဘုန်းတော်ကြီးများ၏ အကူအညီကို ရယူလိုသော (၀ါ) နိုင်ငံရေးတွင် ဘုန်းတော်ကြီးများကို ခုတုံးလုပ်လိုသော နိုင်ငံရေးသမားများ (အထူးသဖြင့်တွဲရေးသမားများ)သည် ဖေါ်ပြပါဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်ဟူသော စကားရည်လုပွဲတွင် များစွာစိတ်ဝင်စားကြပါသည်။ သို့ဖြစ်ရာ ထိုနေ့ည စကားရည်လုပွဲကို ကျောင်းသားများသာမက အပြင်ပ နိုင်ငံရေးသမားများပါ တက်ရောက်နားထောင်ကြသဖြင့် တက္ကသိုလ်သမဂ္ဂခန်းမကြီးတစ်ခုလုံး ပြည့်လျှံသွားပါသည်။
          ကောလိပ်ကျောင်းရောက်စ အောင်ဆန်းသည် အဆိုကိုထောက်ခံ၍ ၀င်ရောက် ဆွေးနွေးပါသည်။ အဆိုကိုထောက်ခံခြင်းမှာကျွန်တော်အဆိုရှင်ဖြစ်နေသောကြောင့်မဟုတ်ပါ။ မိမိယုံကြည်ချက်အတိုင်း ထောက်ခံခြင်းသာဖြစ်ပါသည်။
          အင်္ဂလိပ်စကားကို ရေလည်ပိုင်နိုင်စွာ မပြောတတ်သေးရုံမက လူဂိုက်မှာလည်း ဂွကျတတဖြစ်နေရကား အောင်ဆန်းသည် ပရိသတ်၏ လှောင်ပြောင်ခြင်း အော်ဟစ်ခြင်းကို ခံရပါသည်။ သို့ရာတွင် အောင်ဆန်းသည် မိမိပြောလိုသည်တို့ကို ပြီးဆုံးအောင်ပြောဆိုပြီးမှသာ ထိုင်ပါသည်။
          ထိုအချိန်ကပင်လျှင် အောင်ဆန်းသည် နိုင်ငံရေးတွင် စိတ်ဝင်စား၍ မိမိယုံကြည်ချက်ကို မကြောက်မရွံ့ဖေါ်ပြသူ ဖြစ်ပါသည်။ များစွာသောကောလိပ်ကျောင်းသားများသည် ဘွဲ့ရရေး၊ ကျောင်းမှထွက်သောအခါ အလုပ်အကိုင် ကောင်းကောင်းမွန်မွန်ရရေးတို့အတွက် ပြင်ဆင်နေကြသော်လည်း
 အောင်ဆန်းသည်ကား နိုင်ငံရေးအတွက် ပြင်ဆင်နေပါသည်။
နန္ဒလျန်-ရွှေမိုးညှင်း

Tuesday 10 July 2012

အောင်သန်း၏အောင်ဆန်း အပိုင်း(၂)

(၂) ကျောင်းသားလူငယ်ဘဝ
          ရှေးခေတ်အခါက မြန်မာကျောင်း(Vernacular School)၊ အင်္ဂလိပ်မြန်မာကျောင်း (Anglo- Vernacular School )၊ အင်္ဂလိပ်ကျောင်း (English School)ဟူ၍ ကျောင်းသုံးမျိုးရှိရာ နတ်မောက်ကျောင်းသည် မြန်မာကျောင်းဖြစ်ပါသည်။ အင်္ဂလိပ်ကျောင်းသည် ရန်ကုန်မန္တလေးကဲ့သို့သော မြို့ကြီးများ၌သာရှိ၍ “အင်္ဂလိပ်မြန်မာကျောင်း”သည် မကွေး၊ ရေနံချောင်း၊ တောင်တွင်းကြီးကဲ့သို့သော မြို့ကလေးများ၌သာရှိပါသည်။ မြို့ပိုင်ရုံးစိုက်သော်လည်း ရွာကြီးမျှသာဖြစ်သော နတ်မောက်၌ ‘မြန်မာကျောင်း’သာရှိပါသည်။
          ကျွန်တော်တို့ငယ်စဉ်က နတ်မောက်သည် ဆူးတပ်များကာရံထားသော ရွာကြီးဖြစ်၍ သင်္ဘောဆိပ်မြို့ဖြစ်သော မကွေးနှင့် ၃၆-မိုင်ဝေးသည်။ မီးရထားလမ်းလည်းမရှိသေးပါ။ ကားလမ်းလည်းမရှိသေး ဖြစ်ပါသည်။ ထို့ကြောင့် ကြီးလာသောအခါ အောင်ဆန်းသည် ရင်းနှီးသော မိတ်ဆွေများအား “ကျုပ်က ဂျင်ဂလီဝါလား(တောသား)”ဟုဂုဏ်ယူရယ်မော၍ ပြောဆိုလေ့ရှိပါသည်။
          ခေတ်ပညာ(အင်္ဂလိပ်စာ)သင်လိုလျှင် နတ်မောက်၌မသင်နိုင်ဘဲ မြို့တမြို့သို့သွားရပါသည်။ ၁၃-နှစ်ကျော်၁၄နှစ်အရွယ်ရောက်ပြီဖြစ်သော အောင်ဆန်းသည် မြန်မာစာခြောက်တန်း အောင်မြင်ပြီးနောက် အင်္ဂလိပ်စာသင်လိုရကား အစ်ကိုကြီးနှင့်ကျွန်တော်တို့ ပညာရင်နို့ သောက်စို့ခဲ့သော ရေနံချောင်း နေရှင်နယ်ကျောင်းသို့ သူ့ကိုပို့ရန် မိဘများကို ပူဆာပါတော့သည်။ မိဘများကသာမက အစ်ကိုအစ်မများကပါ သူ့ကိုကလေးဟုယူဆထားကြသဖြင့် တမြို့တကျေးသို့ ခွဲ၍ပို့ရန်သဘောမတူကြပါ။ အထူးသဖြင့်မိခင်သည် အချစ်ဆုံးသားကလေးကို မခွဲနိုင်ဖြစ်နေရာ အနည်းငယ်ကြီးလာသည့်တိုင်အောင် စောင့်ဆိုင်းရန် ဖျောင်းဖျပြောဆိုပါသည်။ လုပ်လိုရာကို မဖြစ်မနေ လုပ်တတ်သော ဇွဲရှိသည့်အောင်ဆန်းသည် ငိုယိုပူဆာရုံသာမက “ရေနံချောင်းကျောင်းကိုမပို့လျှင် ထမင်းမစား”ဟုကြေငြာ၍ ထမင်းမစားဘဲနေပါသည်။ တနည်းအားဖြင့်ဆိုလျှင် အစာငတ်ခံတိုက်ပွဲ ဆင်နွဲပါသည်။ သူ၏စိတ်ဓာတ်ကို ကောင်းစွာသိသော မိဘများသည် နောက်ဆုံးတွင် သူ၏လိုလားချက်ကို လိုက်လျော၍ ရေနံချောင်းကျောင်းသို့ ပို့ရပါတော့သည်။ ဤသို့ဖြင့် ၁၉၂၈-ခုနှစ်တွင် အောင်ဆန်းသည် ရေနံချောင်း နေရှင်နယ်ကျောင်းသား ဖြစ်လာပါသည်။
          ယခုခေတ်လူငယ်များ သိကြမည်မဟုတ်သဖြင့် နေရှင်နယ်ကျောင်းများအကြောင်းကို အနည်းငယ်ဖော်ပြလိုပါသည်။ ၁၉၂၀-ပြည့်နှစ်မတိုင်မီက နေရှင်ကျောင်းများမရှိသေးပါ။ အစိုးရကတိုက်ရိုက်အုပ်ချုပ်သော အစိုးရကျောင်းများနှင့် ခရစ်ယန်သာသနာပြု ကျောင်းများသာ ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များ ကြီးမှူးဖွင့်လှစ်သော ကျောင်းများလည်းအနည်းငယ်ရှိပါသည်။
          ၁၉၂၀-ပြည့်နှစ်မတိုင်မီက မြန်မာပြည်၌တက္ကသိုလ်ဟုမရှိဘဲ ရန်ကုန်ကောလိပ်နှင့် အမေရိကန်သာသနာပြုဆရာကြီး ဂျပ်ဆင်(Judson) ကိုအစွဲပြု၍ ဖွင့်လှစ်ထားသော ‘ဂျပ်ဆင်ကောလိပ်’ဟူ၍ကောလိပ်ကျောင်းနှစ်ကျောင်းသာရှိပါသည်။ (အချို့စာအုပ်များတွင် ဆရာကြီးဂျပ်ဆင် ဆရာယုဒသန်ဟုလည်းကောင်း၊ ဂျပ်ဆင်ကောလိပ်ကို ယုဒသန်ကောလိပ် ဟုလည်းကောင်း ရေးသားကြပါသည်) ထိုကောလိပ်ကျောင်းများသည် ဘင်္ဂလားပြည်နယ် ကာလကတ္တားတက္ကသိုလ်၏လက်အောက်ခံဖြစ်ရာ ထိုတက္ကသိုလ်က ကြီးမှူးလျက် စာမေးပွဲများကျင်းပခြင်း ဘွဲ့များပေးခြင်း စသည်တို့ကိုပြုလုပ်ပါသည်။
          ၁၉၂၀-ပြည့်နှစ်ဝယ် ‘ရန်ကုန်တက္ကသိုလ်ကို’ သီးခြားဖွင့်လှစ်ရန် ရည်ရွယ်လျက် ဗြိသိသျှဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်(Sir Reginald Craddock)ကြီးမှူး၍ ‘ရန်ကုန်တက္ကသိုလ်အက်ဥပဒေ’ တရပ်ကိုရေးဆွဲကြပါသည်။ ဗြိသိသျှအစိုးရ၏ ရည်ရွယ်ချက်မှာ မြန်မာတို့ကို အစစ်အမှန်ပညာတတ်စေလို၍ မဟုတ်ဘဲ မိမိတို့တိုင်းပြည်အုပ်ချုပ်ရာ၌အကူအညီ ရစေရုံလောက်သာ ပညာသင်ပေးရန်ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုလျှင် ကိုလိုနီနယ်ချဲ့သမားများ ပီပီ မိမိတို့လက်အောက်ခံ လူမျိုးများအား မိမိတို့၏ ကိုလိုနီစနစ်အတွက် အထောက်အကူဖြစ်စေမည့် ပညာရေးမျိုးကိုသာ ပေးလိုပါသည်။ တက္ကသိုလ်ပညာကို လူမြောက်များစွာ မတတ်မြောက်စေလိုဘဲ လက်တစ်ဆုပ်စာမျှသော အရာရှိကြီးများ၏ သားသမီးများနှင့် ဓနရှင် မြေရှင်များ၏ သားသမီးများကိုသာ တတ်မြောက်စေလိုပါသည်။ ယင်းသို့ဖြစ်ရာ သာမန်လူများ တက္ကသိုလ်ပညာ မသင်နိုင်အောင် ‘တက္ကသိုလ်အက်ဥပဒေ’ကို ရေးဆွဲကြပါသည်။
          ၁၉၂၀-ပြည့်နှစ် ဒီဇင်ဘာလတွင် ထိုဥပဒေကို ကန့်ကွက်သောအားဖြင့် ကောလိပ်ကျောင်းသားကြီးများက ခေါင်းဆောင်ကာ မိမိတို့ကောလိပ်များကို သပိတ်မှောက်၍ ထွက်ခွါလာကြပါသည်။ ကောလိပ်ကျောင်းသားများ၏ နမူနာကိုယူလျက် အခြားကျောင်းများမှ ကျောင်းသားများသည်လည်း မိမိတို့၏ကျောင်းများကို သပိတ်မှောက်လိုက်ကြပါသည်။ ယနေ့တိုင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ‘အမျိုးသားနေ့’သည် ထိုကျောင်းသားသပိတ်ကို အစွဲပြု၍ ကျင်းပခြင်းဖြစ်ပါသည်။
          ကျောင်းသာသပိတ် ဖြစ်ပေါ်ပြီးနောက် ကျောင်းသားကလေးများ ပညာသင်မပျက်စေရန် သပိတ်မှောက်ကျောင်းသားကြီးများနှင့် မျိုးချစ်ပုဂ္ဂိုလ်များ ဦးစီးသော ‘အမျိုးသား ပညာရေးကောင်စီ’ (Council of National Education)ဖွဲ၍ ကျောင်းများဖွင့်လှစ်လျက် ပညာသင်ကြားပေးကြပါသည်။
          ထိုကျောင်းများကို အမျိုးသားကျောင်း (၀ါ) နေရှင်နယ်ကျောင်းဟု ခေါ်ကြပါသည်။ အမ်အေဦးမောင်ကြီး (ယခုဆာဦးမောင်ကြီး) ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဒီဒုတ်ဦးဘချို စသည့် ပုဂ္ဂိုလ်ကြီးများက ဦးစီးကာ နေရှင်နယ်ကောလိပ်ကျောင်းတစ်ကျောင်းကိုလည်း တည်ထောင်ခဲ့ကြပါသည်။ သို့သော်လည်း ထိုကောလိပ်သည် သက်ဆိုးမရှည်ခဲ့ပါ။
          နေရှင်နယ်ကျောင်းများ၏ ကျေးဇူးကြောင့် ကျောင်းသားအရွယ် လူမမယ်ကလေးများသည် ပညာသင်မပျက်ရုံမက မျိုးချစ်စိတ်ဓာတ်လည်း ရလာကြပါသည်။ နောင်အချိန်၌ ကျောင်းသားအရေးတော်ပုံများတွင်လည်းကောင်း နိုင်ငံရေးတွင်လည်းကောင်း ခေါင်းဆောင်ဖြစ်လာသူများသည် များသောအားဖြင့် နေရှင်နယ်ကျောင်းထွက်များဖြစ်ကြပါသည်။ တိုင်းပြည်လွပ်လပ်ရေး တိုက်ပွဲတစ်လျှောက်၌ နေရှင်နယ်ကျောင်းများသည် အရေးကြီးသောအခန်းမှ ပါဝင်ခဲ့သည်ကို မည်သူမျှငြင်းဆိုနိုင်မည်မဟုတ်ပါ။
          ရေနံချောင်း နေရှင်နယ်ကျောင်းတွင်လည်း အောင်ဆန်းသည် အတန်းတိုင်း၌ပင် ပထမရပါသည်။ ၁၉၃၀ပြည့်နှစ် ၇-တန်းစာမေးပွဲတွင် စကောလားရှစ်ရ၍ ‘ဦးရွှေခိုဆု’ကိုလည်း ရပါသည်။ တလလျှင်ငွေတစ်ဆယ်ကျပ်ကျဖြင့် သုံးနှစ်အတွက် စကောလားရှစ်ဆုငွေ ချီးမြှင့်ခြင်း ခံရပါသည်။ နောက်နှစ်နှစ်ကြာသောအခါ ၁၀-တန်းအောင်သဖြင့် ထိုစကေားလားရှစ်ဆုငွေကို ကောလိပ်ရောက်သည့် ပထမနှစ်အထိရခဲ့ပါသည်။ ရေနံချောင်းနေရှင်နယ်ကျောင်းတွင် ကျောင်းသားများသည် လက်ရေးစာစောင်ဖြစ်သော ‘ကျောင်းသားစာစောင်’တခုထုတ်ရာ အောင်ဆန်းသည် အယ်ဒီတာအဖြစ် ဆောင်ရွက်ရပါသည်။
          အောင်ဆန်း၏ ‘ဆန်း’ ပုံကို နေရှင်နယ်ကျောင်းသားဘ၀၌လည်း တွေ့ရှိရပါသည်။ ၁၉၃၁ခုနှစ် နွေရာသီကျောင်းပိတ်ရက်အတွင်း မေလ၁၈-ရက်နေ့တွင် ကျွန်တော်တို့ဖခင်သည် နှစ်လမျှ နာမကျန်းဖြစ်ပြီးနောက် ကွယ်လွန်သွားပါသည်။ ကျောင်းပိတ်ရက်အတွင်း အိမ်ပြန်လာသော အောင်ဆန်းနှင့် ကျောင်းဆရာဖြစ်နေသော အစ်ကိုကြီးဦးဘ၀င်းကြီးတို့သည် ဖခင်အလောင်းသင်္ဂြိုဟ်ပြီးမှ ရေနံချောင်းသို့ပြန်နိုင်ကြသဖြင့် ကျောင်းရောက်နောက်ကျနေကြပါသည်။ ဆရာတစ်ယောက်က “မင်းတို့ဘာလို့နောက်ကျနေတာလဲ”ဟုမေးရာ အောင်ဆန်းက “အဖေမမာလို့” ဟုဖြေပါသည်။ “အခုမာသွားပြီလား”ဟုဆရာကဆက်မေးရာ “ဆုံးပြီ”ဟုအောင်ဆန်းက ပြန်ဖြေပါသည်။ ထိုသို့ဖြေကြောင်းကို ထိုဆရာက အစ်ကိုကြီးအားပြော၍ အစ်ကိုကြီးက ကျွန်တော်အား တဆင့်ပြန်ပြောဖြင့် ကျွန်တော်တို့ရယ်ကြရပါသည်။
သို့သော်လည်း ယနေ့စဉ်းစားကြည့်သောအခါ အောင်ဆန်း၏အဖြေမှာ အလွန်တိကျသည်ကို
တွေ့ရပါသည်။သူဖြေသည့်အတိုင်း သူကျောင်းပြန်အရောက် နောက်ကျရခြင်းသည်
ဖခင်ဆုံးသွားသောကြောင့်မဟုတ်ဘဲ မမာနေသောဖခင်ကို ပြုစုနေရသောကြောင့်ဖြစ်သည်မှာ မှန်ပေသည်
အဘယ်ကြောင့်ဆိုသော် ဆုံးပြီးသည့်နောက် အလောင်းကို သင်းဂြိုဟ်ရုံမှတပါး အခြားလုပ်ရန်
ရှိသောကြောင့်ဖြစ်ပါသည်။ ထိုအချိန်ကအောင်ဆန်းသည် ၁၆-နှစ်ကျော် ၁၇-နှစ်သား အရွယ်မျှသာရှိပါ
သေးသည်။ ထိုအရွယ်ကပင်သူသည် ကျောင်းပြန်နောက်ကျခြင်း ပြဿနာ၏အကြောင်းရင်းကို
ရှင်းရှင်းပြတ်ပြတ် မြင်သူဖြစ်ပါသည်။ နောက်ပိုင်း၌သူ၏လုပ်ဆောင်ချက်များ အောင်မြင်ခြင်းသည်
 ပြဿနာတစ်ရပ်၏ အကြောင်းရင်းကို ရှင်းရှင်းပြတ်ပြတ် ထိုးထွင်းသိမြင်တတ်သော
အရည်ချင်းကြောင့်ဟုဆိုလျှင် မှားမည်မထင်ပေ။
(စာရေးသူ-ဗိုချုပ်အောင်ဆန်း၏အကိုအရင်း-ဦးအောင်သန်း)
တင်ပြသူ၏အမှာစာ- အမှတ်မထင် သူငယ်ချင်းအခန်းထဲမှ အောင်သန်း၏အောင်ဆန်း စာအုပ်ကို ဖတ်လိုက်ရ၍ လူတိုင်းဖတ်သင့်သောစာအုပ်ဖြစ်နေသောကြောင့် မိမိရဲ့ဘလော့ဂ်နှင့် မိမိရေးနေသော ဆိုဒ်များမှတင်ပြပေးလိုက်ရပါသည်။ အမှားများတွေ့ပါကခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(အပိုင်းခွဲ၍တင်ပြပါမည်)
နန္ဒလျန်-ရွှေမိုးညှင်း

အောင်သန်း၏အောင်ဆန်းအပိုင်း(၁)

(၁)ကလေးဘဝ
          ကျွန်တော် သုံးနှစ် ခြောက်လ ငါးရက်သားအရွယ် ရောက်သောအခါ ညီကလေးတစ်ယောက်ရပါသည်။ ထိုနေ့ကို ကောင်းစွာမှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် မိခင်နှင့်အတူ အိပ်ယာထဲ၌ သေးပါလေ့ရှိပါသည်။ ထိုညတွင်ကား ဖခင်နှင့်အတူအိပ်ရ၍ ဆီးသွားလိုသဖြင့် နိုးလာကာ “ဖေဖေ၊ သေးပေါက် ချင်တယ်”ဟုပြောရာ၊ ဖခင်က “ထပေါက်”ဟုပြန်ပြောပါသည်။ ထိုညမှစ၍ ကျွန်တော်သည် အိပ်ယာထဲ၌ သေးမပါတော့ပါ။ ဆီးသွားလိုက နိုးလာပါသည်။
          မိုးလင်းသောအခါ ဗန်းကြီးထဲ၌ သိပ်ထားသောညီကလေးကိုမြင်၍ကိုင်မည်ပြုရာ အစ်ကိုကြီး(ဦးဘ၀င်း) က”ဟေ့မကိုင်နဲ့ လက်ပြတ်တတ်တယ်” ပြောသဖြင့် မကိုင်ဘဲကျွန်တော့်လက်ကို ပြန်ဆုတ်လိုက်ပါသည်။ အစ်ကိုကြီးကား ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်ပါသည်။ သို့တစေလည်း ကျွန်တော်သည် ညီကလေးကို မကိုင်ရဲဘဲ ဘေးမှ လှည့်ပတ်၍ ကြည့်ရုံသာကြည့်ဝံ့ပါသည်။
          ညီကလေးတစ်နှစ်ကျော်အရွယ် ရောက်သောအခါ နာမည်ပေးရန်စဉ်းစားကြပါသည်။ ကျွန်တော်က “ကျုပ်အောင်သန်းဆို သူအောင်ဆန်းပေါ့ဗျာ”ဟု ပြောလိုက်ရာ အာလုံးကလက္ခံကြပါသည်။ စနေသား ဖြစ်သည့်အတိုင်း ဇာတာထဲ၌ “ထိန်လင်း”ဟုနေ့နာမ်အလိုက်မှည့်ထားသော်လည်း “အောင်းဆန်း”ဟု သာ တွင်နေပါတော့သည်။ “ထိန်လင်း”ဇာတာဖွဲ့သူပေးသော နာမည်မျှသာဖြစ်သည်။ အချို့ထင်နေသကဲ့သို့ ငယ်နာမည်မဟုတ်ပါ။ မည်သည့်အခါမျှ ထိန်လင်းဟုမခေါ်ခဲ့ကြပါ။
          ကျွန်တော်နှင့်အောင်ဆန်း မွေးဖွားခဲ့သောအိမ်ကြီးသည် မရှိတော့ပါ။ ရှေးအိမ်ကြီးဖြစ်၍ ကျွန်တော်တို့ ဘေးလက်ထက်ကတည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြပါသည်။ ယခုနတ်မောက် ၌ရှိသောအိမ်သည် အောင်ဆန်းမွေးပြီးနောက် နှစ်နှစ်လောက်ရှိမှ ပြောင်းရွှေ့နေထိုင်သော အိမ်ဖြစ်ပါသည်။
          ကျွန်တော်တို့ဘေး ဦးရွှေနီသည် နတ်မောက်မြို့သူကြီးဖြစ်၍ ကျွန်တော်တို့အဖိုးဟု ရေးသား ပြောဆိုနေကြသော “ဦးမင်းရောင်”ခေါ် ရွှေလရောင်သည် ဘေးမကြီးမယ်စိုး၏တူ အဖွားမယ်သူဇာ၏ မောင်တစ်ဝမ်းကွဲဖြစ်ပါသည်။ ကျွန်တော်တို့ ဘေးဘိုးဘီဘင်များသည် အလောင်းဘုရား၏ “ရဲဘော်ခြောက်ကျိတ်ရှစ်”အပါအ၀င် ပင်းမင်းကြီးဦးမြ(ဦးမြတ်) မှ ဆင်းသက်လာကြသည်ဟု လူကြီးသူမများ ပြောသံကြားဖူးပါသည်။
          အောင်ဆန်းသည် နာမည်နှင့်လိုက်အောင် “ဆန်း”သူဖြစ်ပါသည်။ အမေးအမြန်းထူ၍ လူကြီးတွေပြန်မဖြေနိုင်သည့် မေးခွန်းများကို မေးလေ့ရှိပါသည်။ မိုးတွင်း၊ဆောင်းတွင်းဟု ခေါ်ကြသော်လည်း နွေရာသီကို အဘယ်ကြောင့် “နွေတွင်း”ဟု မခေါ်ကြသလဲဟုမေးရာ လူကြီးများသည် ပြန်၍မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ “ညီအစ်ကိုတစ်ဝမ်းကွဲရှိသော်လည်း ဘာကြောင့် လင်မယားတစ်ဝမ်းကွဲမရှိတာလဲ”မေးပြန်ရာ လူကြီးများသည် ယခင်ကဲ့သို့ပင် ပြန်မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ အမေးအမြန်းထူသလောက် အောင်ဆန်းသည် စဉ်းစားတွေးတော ငေးမောနေတတ်ပါသည်။
          အငယ်ဆုံးဖြစ်သည့်အတိုင်း မိဘနှစ်ပါးကသာမက၊ အစ်ကိုအစ်မများကပါ အလိုလိုက်ကြသည် ဖြစ်ရာ၊ အောင်ဆန်းသည် ကလေးဆိုးကြီးကဲ့သို့ဖြစ်နေပါသည်။လိုချင်သည်ကို မရမနေ ငိုယိုတောင်းဆိုတတ်ပါသည်။ ရလည်းရပါသည်။ ကြီးလာသည့်တိုင်အောင် မိမိပြောလိုရာ စွပ်၍ပြောတတ်ခြင်း၊ လုပ်လိုရာကို စွပ်လုပ်တတ်ခြင်းတို့သည် ငယ်စဉ်က အလိုလိုက်ခံရခြင်းကြောင့် ဖြစ်သည်ဟုထင်ပါသည်။
          (မှတ်ချက်-တချိန်ကမိတ်ဆွေတစ်ယောက်က “ကျွန်တော်တို့ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး သုံးသပ် ကြည့်ကြတယ်။ ဗိုလ်ချုပ်ဟာ မိမိပြောလိုရာ လုပ်လိုရာကိုစွပ်ပြော စွပ်လုပ်တတ်တယ်၊ ဒါဟာအသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရလို့ရယ်လို့ သုံးသပ်မိကြတယ်”ဟု ကျွန်တော်ကို ပြောပါသည်။ ကျွန်တော်က “ဒါတင်မကဘူး ဗိုလ်ချုပ်ဟာ မွေးကတည်းက အလိုလိုက်ခံခဲ့ရတယ်” ပြောရာ၊ ထိုမိတ်ဆွေက “ကျွန်တော်တို့အဲ့ဒါကိုသိလည်းမသိခဲ့ဘူး ထည့်လည်းမသုံးသပ်မိခဲ့ဘူး”ဟု ပြန်ပြောပါသည်။
          စိတ်ဘက်ဆိုင်ရာ ပါရဂူများ၏အဆိုအရ လူတစ်ယောက်၏စိတ်ဓာတ်သည် မိမိ၏ဘ၀ပေးအတိုင်း ဖြစ်တတ်သည်။ ဥပမာ လူတစ်ယောက်သည် ငယ်စဉ်ဆိုးသောမိဘများ၏ နှိပ်စက်ခြင်းကိုသော်လည်းကောင်း အခြားသူများ၏ နှိပ်စက်ခြင်းကိုသော်လည်းကောင်း ခံခဲ့ရလျှင် ကြီးလာသောအခါ မယုံသင်္ကာဖြစ်တတ်ခြင်း၊ ကြောက်ရွှံ့တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုးတွင် အရှုံးပေးတတ်သောစိတ်ဓာတ်မျိုး ၀င်နေတတ်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးသည် မိမိနိုင်လှည့်ကြုံလာသောအခါ ရက်ရက်စက်စက် ပြုကျင့်တတ်သည်။ ငယ်စဉ်က အလိုလိုက်ခံခဲ့ရပြီး မိမိလုပ်လိုရာ လုပ်ခွင့်ရခဲ့လျှင် ကြီးပြင်းလာသည့်အခါ မိမိလုပ်ချင်သည့်အတိုင်း လုပ်ဝံ့သည်။ လုပ်တတ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုးတွင် မိမိကိုယ်ကိုမိမိ ယုံကြည်ကိုးစားမှု ရှိတတ်သည်။ထိုပုဂ္ဂိုလ်မျိုးသည် ရန်သူကိုအထင်သေးတတ်သဖြင့် နောက်ဆုံး၌
မိမိပင်ခံရတတ်သည်။
          နိုင်ငံရေးခေါင်းဆောင်များ၏ စိတ်နေသဘောထားနှင့် ပတ်သက်၍ သုံးသပ်လိုပါက ကလေးဘ၀က နေထိုင်ခဲ့ပုံကိုပါ ထည့်သွင်းစဉ်းစားရလျှင် မမှားနိုင်ဟု ကျွန်တော်ယုံကြည်ပါသည်။)
          အလိုလိုက်ခံရသော်လည်း အောင်ဆန်းမှာ မတရားလုပ်ချင်သည့်စိတ် မတရားအခွင့်ရေး လိုချင်သည့်စိတ်ဓာတ်မျိုးမရှိပါ။ မိမိကိုယ်ကိုမိမိယုံကြည်ဖြစ်သည့်အတိုင်း သူများအားမနာလိုသည့်စိတ်မျိုးမရှိပါ။ မိမိထက်ကြောသွားမည်ကို စိုးသည့်အတွက် သူများအား ခြေထိုလိုသည့်စိတ်မျိုးလည်း အလျဉ်းမရှိပါ။ အောင်ဆန်းနှင့်အချို့ နိုင်ငံရေးခေါင်းဆောင်များ ကွာခြားခြင်းသည် ထိုစိတ်ဓာတ်အခြေခံကြောင့်ပင် ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။
          အောင်ဆန်းသည် အလွန်ရိုးသား၍ စားချင်လျှင်လည်း စားချင်သည်၊ လိုချင်လျှင် လိုချင်သည်။ ကြောက်လျှင်ကြောက်သည် စသည်ဖြင့် ဖွင့်ဟ ၀န်ခံတတ်ပါသည်။ မည်သည့်အခါမှ လိမ်မပြောတတ်ပါ။
          ကျွန်တော်တို့ငယ်စဉ်က နတ်မောက်ဆွမ်းကြီးလောင်းအသင်းက ကြီးမှူး၍ ၀ါတွင်း၌အပတ်စဉ် အိုစည်ဗုံမောင်းဖြင့် အလှူခံထွက်ပါသည်။ လူတစ်ယောက်က ဖိုးသူတော်အရုပ်ကြီးထဲ ၀င်ပြီးကပါသည် ထိုအရုပ်ကြီးကို အောင်ဆန်းအလွန်ကြောက်ပါသည် အရုပ်ကို ကြောက်ရကောင်းမလားဟု ဖခင်ကဆူပူပြစ်တင်သောအခါ “ဖင်ခေါင်းထဲသွင်းထား ဘယ့်နဲ့လုပ်မလဲဗျာ့”ဟုပြန်ဖြေပါသည်။
          ခေါင်းတုန်တုန် လည်တုန်တုန်ဖြစ်နေသော မယ်ရွှေမယ်ဆိုသည် အမယ်ကြီးကိုလည်း သူကြောက်၍ ကြောက်ကြောင်းကိုလည်း သူဝန်ခံပါသည်။ ညအိပ်လျှင် မိခင်ကိုဖက်အိပ်လေ့ရှိ၍ မိခင်ကို သူ့ဘက်သို့ အမြဲလှည့်အိပ်စေချင်သည်။
          အနားရှိ ကာကာဆိုင်သို့လည်းသူမသွားရဲပါ၊ တနေ့သ၌ ကာကာဆိုင်သို့သွား၍ ဘီ-ဒီဆေးလိပ် များဝယ်ပြီးလျှင် ချိုးကြည့်ပါသည် မိခင်သိသောအခါ ကလေးအား ဆေးလိပ်ရောင်းလိုက်သော ကုလားထံသွား၍ ဆူပူပြစ်တင်ပါသည် ဆိုင်ရှင်ကာကာက မိခင်ကိုတောင်းပန်၍ အောင်ဆန်းဘက်လှည့်ကာ နောက်တစ်ခါလာရင် “ဘန်းဘူးပေးမယ်”ဟု ပြောလိုက်ရာ အောင်ဆန်းက”ဘန်းဘူးဆိုတာဘာလဲ”ဟု မိခင်ကိုမေးပါသည်။ မိခင်က “ဘန်းဘူးပေးမယ်ဆိုတာ ရိုက်မယ်လို့ပြောတာ”ဟု ပြောလိုက်ရာ အောင်ဆန်းသည် ထိုနေ့မှစ၍ ကာကာဆိုင်သို့ မသွားတော့ပေ။
          နေမကောင်းလျှင် ပိုက်ဆံပေးမှ ဆေးသောက်မည်ဟု အကြပ်ကိုင်တတ်သဖြင့် အောင်ဆန်းသည် နေမကောင်းတိုင်း မိခင်ထံမှ ငွေဒင်္ဂါးလေးငါးဆယ်ရပါသည်။ (ထိုခေတ်က ငွေစက္ကူပေါ်သေးဟန်မတူပါ)
          နတ်မောက်၌ တစ်ဆိုင်တည်းသာရှိသော ကာကာဆိုင်သို့ မသွားရဲသဖြင့် သူလိုချင်သည့် ပစ္စည်းများကို ကျွန်တော်က၀ယ်ပေးရပါသည်။ ကျွန်တော်လိုချင်သည်တို့ကိုလည်း သူ့ငွေဖြင့်ပင် ၀ယ်ခွင့်ပေးပါသည်။ ညီအစ်ကိုရန်ဖြစ်သောအခါ သူ့ငွေပြန်ပေးရန် တောင်တတ်ပါသည်။ မိခင်က “နင်အစကဘာလို့ပေးသလဲဟု” မေးသောအခါ “အို သူကညီအကိုချင်းဘဲကွာ ဘာညာနဲ့ ပြောတာကိုးဗျ”ဟု ပြန်ဖြေသဖြင့် ကျွန်တော်တို့ရယ်ကြရပါသည်။ အောင်ဆန်းသည် မည်သည်အခါမှ လုပ်ကြံ၍ လည်ဆယ်၍မပြောတတ်ပါ။ ပေးခဲ့လျှင်ပေးခဲ့သည်၊ လုပ်ခဲ့လျှင်လုပ်ခဲ့သည်ဟု ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၀န်ခံတတ်ပါသည်။
          ကျွန်တော်တို့မိခင်သည် အလွန်ပညာလိုလားရကား ကျွန်တော်တို့ ငါးနှစ်ခြောက်နှစ် အရွယ်ရာက်လျှင် ကျောင်းထားပါသည်။ အောင်ဆန်းသည်ကျောင်းနေရမှာကြောက်ဖြင့် “အမနေမှ နေမယ်”ဟု မိခင်ကိုပြောပါသည်။ ကျွန်တော်တို့မိခင်ကို ကျွန်တော်တို့က အမဟုခေါ်ကြပါသည်။) အထွေးဆုံးသားကလေးကို အလွန်ချစ်သောမိခင်ကလည်း အောင်ဆန်းကို ကျောင်းမပို့ရက်ဘဲ ခွင်လွတ်ထားရပါသည်။
          ကျွန်တော်(၁၁)နှစ်သားအရွယ် ရောက်သောအခါ ရှင်ပြု၍ ကိုရင်ဝတ်ပါသည်။ ခုနစ်နှစ်ကျော် ရှစ်နှစ်သားရှိနေပြီဖြစ်သော အောင်ဆန်းသည် ကျောင်းမနေသေးသော်လည်း ကျွန်တော့်ထံ နေစဉ်လာပါသည်။ ထိုသို့လာရင်း ကိုရင်ဝတ်ချင်စိတ်ပေါက်လာဖြင့် ကိုရင်ဝတ်ပေးရန် မိခင်ကိုပူဆာပါသည်။ ချက်ကောင်းကိုယူတတ်သော မိခင်က”ကိုရင်ဝတ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူးကွ စာတတ်မှဝတ်ရတာ မင့်လိုစာမတတ်တဲ့လူကိုရင်ဝတ်လို့ဘယ်ဖြစ်မလဲ”ဟု ဆွပေးလိုက်ပါသည် “ဒီလိုလား၊ဒီလိုဆိုကျောင်းနေမယ် ”ဟုပြောပြီး အောင်ဆန်းသည် ထိုအချိန်မှစ၍ ကျောင်းနေပါတော့သည်။
          (မှတ်ချက်-၁၉၃၂-၃၃ ခုကောလိပ်ကျောင်းရောက်စ ပထမနှစ်၌လည်း အောင်ဆန်းသည် သင်္ကန်းဝတ်၍ အီတာလီယံဘုန်းတော်ကြီး ဦးလောကနာထနှင့်အတူလိုက်ကာ သာသနာပြုလိုစိတ် ဖြစ်ပေါ်လာသဖြင့် မိခင်ထံခွင့်တောင်းဘူးပါသည်။ မိခင်ကခွင့်မပြုသဖြင့် မလိုက်ဖြစ်ခဲ့ပေ။)
          ဤသို့ဖြင့် အောင်ဆန်းသည် နတ်မောက်ရှိ ဒီပင်္ကရာကျောင်းခေါ် ဦးသောဘိတကျောင်းသား ဖြစ်လာပါသည်။
          ဦးသောဘိတကျောင်းသည် ဘုန်းကြီးကျောင်းဖြစ်သော်လည်း အတန်းကျောင်းဖြစ်ပါသည်။ ထိုခေတ်က ထိုကျောင်းမျိုးကို ‘လောကဓာတ်ကျောင်း’ဟု ခေါ်ကြပါသည်။ ရှေးစာသက်သက်သင်သည့် ဘုန်းကြီးကျောင်းနှင့် ခြားနားစေရန်အတွက် ဤသို့ခေါ်ဆိုခြင်းဖြစ်ဟန် တူပါသည်။ လက်ထောက်ဆရာများသည် ၀တ်ကြောင်များဖြစ်ရာ အချို့ဆရာဖြစ်စာမေးပွဲ အောင်မြင်ကြ၍ အချို့မအောင်မြင်ကြပါ။ ကျွန်တော်ငယ်စဉ်ကထိုလက်ထောက်ဆရာများသည် လခမရကြဘဲ နှစ်ကုန်မှ ဆုငွေရကြပါသည်။ နှစ်စဉ်ပညာရေးဌာနမှ ပညာအုပ်တစ်ယောက်တစ်ယောက် လာ၍စစ်ဆေးပြီးလျှင် ကျောင်းသားများကို အတန်းတင်ပေးခြင်း၊ အတန်းချခြင်းများကို ပြုလုပ်ပါသည်။ ကျောင်းအုပ်ဘုန်းတော်ကြီးကသော်လည်းကောင်း လက်ထောက်ဆရာများကသော်လည်းကောင်း အတန်းတင်ပေးခြင်း ချခြင်းမပြုနိုင်ကြပေ။
          အောင်ဆန်းသည် ကျောင်းနေသည့်အချိန်မှစ၍ အတန်းထဲ၌ အမြဲပထမရပါသည်။ ကျောင်းအုပ်ဘုန်းတော်ကြီးနှင့်တကွ ဆရာ ဆရာမများကို အလွန်ကြောက်ရွှံ့ရိုသေ၍ အလွန်အပိုးသေပါသည်။ စည်းကမ်းသေ၀တ်ခြင်း တာဝန်သိတတ်ခြင်း လုံ့လ၀ိရိယရှိခြင်းတို့သည် အောင်ဆန်း၏ဗီဇပင်ဖြစ်ပါသည်။
          ထိုဗီဇကို မိဘများထံမှရသည်ဟုဆိုချင်ကလည်း ဆိုနိုင်ပါသည်။ ကျွန်တော်တို့ ဖခင်နှင့်မိခင်မှာ အလွန်ရိုးသားသူများဖြစ်၍ မတရားလုပ်ရန်ဝေးစွ မတရားလုပ်သည်ဟု အထင်ခံရမည်ကိုပင် အလွန်ကြောက်ကြသူများဖြစ်ကြပါသည်။ တာဝန်ကိုအလွန်သိတတ်၍ တာဝန်မဲ့ ပြောဆိုလုပ်ကိုင်မှုကို အလွန်စက်ဆုတ်ရွံရှာကြပါသည်။
          စိတ်နေသဘောထားအားဖြင့် အောင်ဆန်းသည် ဖခင်နှင့်ပို၍တူပါသည် ကျွန်တော်တို့ဖခင်သည် ရှာမှရှားသော လူအေးတစ်ယောက်ဖြစ်၍ မည်သူ့ကိုမျှ ရန်မပြု။ မိမိကိုရန်ပြုကြလိမ့်မည်ဟုလည်း မထင်သူဖြစ်ပါသည်။ အိမ်၌လည်းကောင်း ခရီးသွားလာရာ၌လည်းကောင်း မိမိကိုယ်ကို ကာကွယ်ရန် မည်သည့်လက်နက်ကိုမျှ ကိုင်ဆောင်လေ့မရှိပါ။ ကျွန်တော်မှတ်မိသလောက် မည်သူနှင့်မျှလည်း ရန်မဖြစ်ဖူးပါ။
          မှတ်မိသေးပါသည်။ ပထမကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈) အတွင်းက ကျွန်တော်တို့ဖခင်သည် စစ်သည်တော်များ သက်သာချောင်ချိရေးအဖွဲ့တွင် ငွေထိမ်းအဖြစ်ဆောင်ရွက်ရပါသည်။ တနေ့သ၌ လူတစ်ယောက်သည် (နာမည်ကိုမှတ်မိသော်လည်း ထိုသူ၏အဆက်အနွယ်များကို ငဲ့ညှာသောအားဖြင့် မဖော်ပြတော့ပါ။) အတွင်းရေးမှူးလက်မှတ်လိမ်ဖြင့် ငွေထုတ်ရာ ကျွန်တော်တို့ဖခင်က ထုတ်မပေးဘဲ ငြင်းဆိုလိုက်ပါသည်။ ထိုသူသည်ရှက်လည်းရှက် ဒေါသလည်းဖြစ်သဖြင့် အရက်သောက်၍ အိမ်ပေါ်သို့တက်လာကာ “ခင်ဗျားက စစ်ကြေးထိမ်းရလို့ မောက်မာတာလား” စသည်ဖြင့် ရန်စစော်ကားပါတော့သည်။ ကျွန်တော်တို့ဖခင်ကား မိမိအိမ်ပေါ်သို့ တက်လာ၍မိမိအားစော်ကားသူကို ဘာမျှမလုပ်ပါ။ လှည့်၍ပင်မကြည့်ပါ။ ဤမျှသည်းခံနိုင်စွမ်း ရှိသူပေတည်း။ ထက်သောမိခင်ကမူ “နင်ဘာလူပါးဝတာလဲ”ဟု ပြောကာ ဖိနပ်ဖြင့်ရိုက်မည်ပြုရာ၊ အမူးသမား လူရမ်းကားသည် ထိုင်ရှိခိုး၍ တောင်းပန်သောကြောင့်သာ သက်သာခွင့်ရသွားပါသည်။
          မိခင်သည် မည်သည့်အခါမျှ အမှုမဲ့ အမှတ်မဲ့ နေတတ်သူမဟုတ်ပါ။ ခရီးသွားလာရာတွင် နှုတ်က သမ္ဗုဒ္ဓေရွတ်လျက် လက်ကလည်း ဓားကိုင်ထားလေ့ရှိပါသည်။
          အောင်ဆန်းသည် ဖခင်ကဲ့သို့ အမှုမဲ့ အမှတ်မဲ့ နေတတ်ပါသည်။ ထို့ကြောင့်ပင် ငယ်စဉ်က သူတစ်ပါး၏ရိုက်နက်ခြင်းခံရ၍ ကြီးလာသောအခါ၌လည်း ရေတိမ်တွင်အနှစ်ခံရပါသည်။ မိခင်ကဲ့သို့ သတိဝိရိယရှိပါမူကား ရေတိမ်တွင်အနှစ်ခံရမည်မဟုတ်ပါ။
          ငယ်စဉ်က ဆိုင်းတီးနေသည်ကို စိတ်ဝင်စားစွာနားထောင်နေသော အောင်ဆန်းကို ကောင်ကလေးတစ်ယောက်က ခဲဖြင့်ပေါက်၍ထွက်ပြေးရာ အောင်ဆန်းမှာ နဖူး၌ဒဏ်ရာ ရသွားပါသည်။ အခြားအဖြစ်အပျက်ကလေးတစ်ခုကိုလည်း မှတ်မိပါသေးသည်။ တစ်နေ့တွင်  သူထက်အနည်းငယ်ကြီးသော ‘အေးမောင်’ဆိုသူက အောင်ဆန်းကိုထိုးကြိတ် ရိုက်နက်လိုက်ပါသည်။ ကျွန်တော်သိသောအခါ ချက်ကောင်းစောင့်၍ ထိုကောင်လေးကို လက်သီးဖြင့်ထိုး ခြေဖြင့်လည်းကန် စသည်ဖြင့် အတော်ကလေး နှံလိုက်ပါသည်။ ထိုကောင်လေးက “တော်တော့ကွ မင့်ညီ ဒီလောက်မနာဘူး”ဟု ပြန်ပြောသည်ကို ယခုစာရေးနေရင်း ကြားယောင်မိလာသဖြင့် ပြုံးမိပါသည်။
          အောင်ဆန်းကား ငယ်စဉ်မှစ၍ ကျဆုံးသည့်နေ့အထိ မည်သူ့ကိုမျှ မနှိပ်စက်လို။ မနှိပ်စက်ခဲ့၊ မိမိကိုလည်း မည်သူကမျှ နှိပ်စက် ရန်ရှာလိမ့်မည်ဟု မထင်သူဖြစ်ပါသည်။ “လုပ်ရဲတာသတ္တိမဟုတ်ဖူး၊ ခံရဲတာမှ သတ္တိပါ” ဟု ကြီးလာသောအခါ မိမိနှင့်ရင်းနှီးသူများကို မကြာခဏ ပြောလေ့ရှိပါသည်။
                   အပိုင်း(၂)မျှော်
(စာရေးသူ-ဗိုချုပ်အောင်ဆန်း၏အကိုအရင်း-ဦးအောင်သန်း)
တင်ပြသူ၏အမှာစာ- အမှတ်မထင် သူငယ်ချင်းအခန်းထဲမှ အောင်သန်း၏အောင်ဆန်း စာအုပ်ကို ဖတ်လိုက်ရ၍ လူတိုင်းဖတ်သင့်သောစာအုပ်ဖြစ်နေသောကြောင့် မိမိရဲ့ဘလော့ဂ်နှင့် မိမိရေးနေသော ဆိုဒ်များမှတင်ပြပေးလိုက်ရပါသည်။ အမှားများတွေ့ပါကခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(အပိုင်းခွဲ၍တင်ပြပါမည်)
နန္ဒလျန်-ရွှေမိုးညှင်း  (၉-၇-၂၀၁၂)     

မမေ့ဆယ်ကမ္ဘာ

နတ်ပါတဲ့ချီး
                ပုထုဇဉ်လူသားတစ်ချို့ဟာ အကြားအမြင်ဗဟုသုတနည်းပါးကြလေတော့ သူတစ်ပါးရဲ့စကား သူတစ်ပါးပြုလုပ်တဲ့ အပြုအမူတွေကို မိမိဥာဏ်နည်းသည့်အလျှောက် စုံလုံးကမ်းယုံတတ်ကြတယ်။ အခုလည်းကြည့်လေ ချီးစားနေကြတဲ့လူတစ်စုတွေ.............
                ဖြစ်ပုံကဒီလို×××××× နတ်ကန္နားပွဲတစ်ခုမှာ နတ်ကတော်တစ်ယောက်က အစားအသောက်မဆင်ခြင်တော့ ၀မ်းပျက်နေတယ်လေ ဒါပေမဲ့ ငွေကုန်ကြေးကျခံပြီး ကျင်းပတဲ့လူတွေရဲ့မျက်နှာကို ထောက်ထားရလေတော့ မကလို့ကလဲမဖြစ်၊ မိတ်ပျက်မှာကြောက်တော့ကရတာပေါ့၊ ဒါကြောင့် ကနေတုန်းဗိုက်ထဲကရစ်ရစ်လာ ပြီး  အောင့်အောင့်လာတယ် တောင့်ခံထားပေမဲ့ မရ။ မိမိကတာက ခုမှတစ်မိနှစ်ကျော်ကျော်သာ  ရှိသေးတယ်၊ ဘယ်လိုမှမတတ်နိုင်တဲ့ အဆုံးမှာတော့ ပါချလိုက်ရတာပေါ့။ လူတွေကလည်း “ဟင်” …“ဟာ”….ဆိုပြီအံ့သြကုန်ကြတယ်လေ။
                နတ်ကတော်ကလည်း မဖြစ်ချေဘူး ငါတော့အရှက်ကွဲတော့မယ် အကြံထုတ်ဦးမှဆိုပြီး ……
“ဟင်း…ဟင်း…ဟင်း..မင်းတို့တတွေက လူပါတဲ့ချီးလို့ထင်နေကြတာကို ဒါဟာလူချီးမဟုတ်ဘူး၊ (၇)ရက်သားသမီးတွေကိုချီးမြှောက်ရအောင် နတ်ပါချတဲ့ချီး နတ်ချီးပေါ့ နဖူးမှာကွက် လျှာမှာလျှက်ရင် ၉၆-ပါးမဟုတ် ၉၈-ပါးရောဂါအကုန်ပျောက်တယ်”  နတ်ကတော်ရဲ့ ရမ်းဖြီးတဲ့စကားကြောင့် နတ်ပွဲထဲလူတွေ အလုအယက်စားသူတွေကစား နဖူးမှာကွက်သူတွေကကွက်နဲ့ နတ်ကတော်ရဲ့ ချီးအကုန်ပြောင်သွားပါလေရော။ တချို့များ မစားလိုက်ရတော့ ဒေါသတွေထွက် ရန်တွေတောင်ဖြစ် ကြတယ်ဆိုပဲ။
                သြော်….လူတွေ ယုံလွယ်လိုက်ကြတာ ဘာမှကိုမစဉ်းစားတော့ဘူး နတ်ဆိုတာ နတ်သုဒ္ဓါတွေစားပြီး သူ့ကုသိုလ်ကံကြောင့်ဘာအညစ်အကြေးမှမ ထွတ်ဘူး၊ ဒါပေမဲ့ စုတေခါနီးမှာတော့ ချိုင်းကြားနေချွေးတွေထွက်လာပြီး ပန်ထားတဲ့ပန်းတွေ ညှိုးသွားတယ်ဆိုတာတော့ ကြားဖူးခဲ့ပါ။

မျောက်ဖြစ်၏
                ရွှေဘုံသာဆိုတဲ့ရွာမှာ ဗေဒင်ဟော ဓာတ်ရိုက်ဓာတ်ဆင်တွေလုပ်ပေးတဲ့ ဆရာညှာဆိုတဲ့ ဘိုးတော်တစ်ယောက်ရှိခဲ့ဘူးတယ်။ အဲ့ဒီဘိုးတော်ဟာ တခါတရံ တောထဲကခြံကြီးတစ်ခြံထဲမှာ အဓိဋ္ဌာန်ဝင်တာဆိုပြီး လူအထင်ကြီးအောင်လုပ်တတ်တယ်။ နောက်ပြီး ဗေဒ၀ိဇ္ဇာဆရာညှာ တောနေသည် သစ်သီးစားသည် ဆိုပြီး ခြံဝမှာ ဆိုင်းဘုတ်တတ်ထားတယ်၊။
                လူနောက်တစ်ယောက်ကနေ အဲ့ဒီဆိုင်ဘုတ်ကြီးကို စာလုံးဖြည့်ရေးထားပေး ခဲ့တယ်လေ သူဖြေည့်ရေးခဲ့တ့စာက-----
                ဗေဒ၀ိဇ္ဇာဆရာညှာ တောနေသည် သစ်သီးစား၏ဆိုတဲ့နောက်မှာ   မျောက်ဖြစ်၏ ဆိုတဲ့စာတမ်းလေးဖြည့်ရေးလိုက်တော့ လူစင်စစ်ကနေ မျောက်ဖြစ်သွားရတာပါဘဲ။

ဓစ်တော်ကျတဲ့နေရာ
                အိန္ဒိယနိုင်ငံ သံဝေဇနိယလေးဌာနဘုရားဖူးသွာတော့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တဲ့ ကုသိနာရုံကိုရောက်တော့ ဂိုက်လုပ်တဲ့ ဆရာတော်ကတိုင်းရင်းသားလူမျိုးဆိုတော့စကားက၀ဲတယ်   မြတ်စွားဘုရား ဓာတ်တော်ကျတဲ့နေရာကို ဂိုက်ဆရာတော်ရှင်းပြလို့ ဘုရားဖူးအဖွဲအားလုံ ရယ်မိကြရတယ် ဆရာတော်ရှင်းပြပုံက …..“ဒကာ ဒကမတို့ မှတ်ထားကြပါ ဒီနေရာကတော့ မြတ်စွာဘုရား ဓစ်တော်ကျတဲ့နေရာပါ”
                အာလုံးရှင်းပြပြီးတော့ ဂိုက်ဆရာတော်ကန်တော့ကြပြန်တယ် ဆရာတော်ကဆုပေးတော့ ဘုရားဖူးအဖွဲ့တွေက ရယ်ကြရပြန်ပြီ
“ဤသို့ကန်တော့ရသောအကျိုးကြောင့် ၀က်တွင်းကလွတ်လို့ ကြွက်တွင်းဝင်နိုင်ကြပါစေကုန်သတည်း”
ရွတ်နောက်နောက် ဒကာမတစ်ယောက်က ကြွက်တွင်းတော့မ၀င်ရပါစေနဲ့ ကျယ်ကျယ်ဝန်းဝန်း ၀က်တွင်းမှာပဲနေပါရစေတော့ ဆိုပြီးလျှောက်ထားလိုက်တော့ ဘုရားဖူးအဖွဲ့ရဲ့ရယ်သံသံတွေက မတိတ်နိုင်လောက်ကုန်ပဲ ဖြစ်တော့တယ်။
                (၀ဋ်အတွင်းကလွတ်လို့ ကျွတ်တန်းဝင်နိုင်ကြပါစေကုန်သတည်း-ဂိုက်ဆရာတော်က စကားဝဲတော့ ၀က်တွင်းတွေ ကြွက်တွင်းတွေဖြစ်ကုန်ရော)

ခွေးမစားတဲ့အစာ
အောင်ချမ်းသာရွာမှာ အောင်ကြီးဆိုတဲ့ လူဟာအရက်မူးရင်တော်တော်ဆိုးတယ် ကြာလာတော့မိဘတွေက ဘယ်လိုမှဆုံးမလို့မရတာနဲ့ ရွာဦးကျောင်းဆရာတော် ဘကြီးဘုန်းကြီးဆီသွားပြီး ဆုံးမခိုင်းရတယ် ဘကြီးဘုန်းကြီးက ”အောင်ကြီး မင်းခွေးမသောက်တဲ့အရေတွေ မသောက်ပါနဲ့” ဆိုပြီးဆုံးမတော့ အောင်ကြီးကလည်း ဆရာတော်ကိုပြန်လျှောက်လို့ ရွာဦးကျောင်းဆရာတော် သူကြိုက်တဲ့ ကွမ်းကိုပါ ဖြတ်လိုက်ရတယ်။
                အောင်ကြီးလျှောက်ပုံက”ဒါဆိုဆရာတော်လည်းခွေးမစားပါနဲ့ဘုရားတပည့်တော်လည်း   ခွေးမသောက်တဲ့အရည် မသောက်တော့ပါဘုရား” 
ဘ၀အမောတွေပြေနိုင်ကြပါစေ
                        နန္ဒလျန်-ရွှေမိုးညှင်း

ကြားဖူးခဲ့သောရယ်စရာများ

နတ်ပါတဲ့ချီး
                ပုထုဇဉ်လူသားတစ်ချို့ဟာ အကြားအမြင်ဗဟုသုတနည်းပါးကြလေတော့ သူတစ်ပါးရဲ့စကား သူတစ်ပါးပြုလုပ်တဲ့ အပြုအမူတွေကို မိမိဥာဏ်နည်းသည့်အလျှောက် စုံလုံးကမ်းယုံတတ်ကြတယ်။ အခုလည်းကြည့်လေ ချီးစားနေကြတဲ့လူတစ်စုတွေ.............
                ဖြစ်ပုံကဒီလို×××××× နတ်ကန္နားပွဲတစ်ခုမှာ နတ်ကတော်တစ်ယောက်က အစားအသောက်မဆင်ခြင်တော့ ၀မ်းပျက်နေတယ်လေ ဒါပေမဲ့ ငွေကုန်ကြေးကျခံပြီး ကျင်းပတဲ့လူတွေရဲ့မျက်နှာကို ထောက်ထားရလေတော့ မကလို့ကလဲမဖြစ်၊ မိတ်ပျက်မှာကြောက်တော့ကရတာပေါ့၊ ဒါကြောင့် ကနေတုန်းဗိုက်ထဲကရစ်ရစ်လာ ပြီး  အောင့်အောင့်လာတယ် တောင့်ခံထားပေမဲ့ မရ။ မိမိကတာက ခုမှတစ်မိနှစ်ကျော်ကျော်သာ  ရှိသေးတယ်၊ ဘယ်လိုမှမတတ်နိုင်တဲ့ အဆုံးမှာတော့ ပါချလိုက်ရတာပေါ့။ လူတွေကလည်း “ဟင်” …“ဟာ”….ဆိုပြီအံ့သြကုန်ကြတယ်လေ။
                နတ်ကတော်ကလည်း မဖြစ်ချေဘူး ငါတော့အရှက်ကွဲတော့မယ် အကြံထုတ်ဦးမှဆိုပြီး ……
“ဟင်း…ဟင်း…ဟင်း..မင်းတို့တတွေက လူပါတဲ့ချီးလို့ထင်နေကြတာကို ဒါဟာလူချီးမဟုတ်ဘူး၊ (၇)ရက်သားသမီးတွေကိုချီးမြှောက်ရအောင် နတ်ပါချတဲ့ချီး နတ်ချီးပေါ့ နဖူးမှာကွက် လျှာမှာလျှက်ရင် ၉၆-ပါးမဟုတ် ၉၈-ပါးရောဂါအကုန်ပျောက်တယ်”  နတ်ကတော်ရဲ့ ရမ်းဖြီးတဲ့စကားကြောင့် နတ်ပွဲထဲလူတွေ အလုအယက်စားသူတွေကစား နဖူးမှာကွက်သူတွေကကွက်နဲ့ နတ်ကတော်ရဲ့ ချီးအကုန်ပြောင်သွားပါလေရော။ တချို့များ မစားလိုက်ရတော့ ဒေါသတွေထွက် ရန်တွေတောင်ဖြစ် ကြတယ်ဆိုပဲ။
                သြော်….လူတွေ ယုံလွယ်လိုက်ကြတာ ဘာမှကိုမစဉ်းစားတော့ဘူး နတ်ဆိုတာ နတ်သုဒ္ဓါတွေစားပြီး သူ့ကုသိုလ်ကံကြောင့်ဘာအညစ်အကြေးမှမ ထွတ်ဘူး၊ ဒါပေမဲ့ စုတေခါနီးမှာတော့ ချိုင်းကြားနေချွေးတွေထွက်လာပြီး ပန်ထားတဲ့ပန်းတွေ ညှိုးသွားတယ်ဆိုတာတော့ ကြားဖူးခဲ့ပါ။

မျောက်ဖြစ်၏
                ရွှေဘုံသာဆိုတဲ့ရွာမှာ ဗေဒင်ဟော ဓာတ်ရိုက်ဓာတ်ဆင်တွေလုပ်ပေးတဲ့ ဆရာညှာဆိုတဲ့ ဘိုးတော်တစ်ယောက်ရှိခဲ့ဘူးတယ်။ အဲ့ဒီဘိုးတော်ဟာ တခါတရံ တောထဲကခြံကြီးတစ်ခြံထဲမှာ အဓိဋ္ဌာန်ဝင်တာဆိုပြီး လူအထင်ကြီးအောင်လုပ်တတ်တယ်။ နောက်ပြီး ဗေဒ၀ိဇ္ဇာဆရာညှာ တောနေသည် သစ်သီးစားသည် ဆိုပြီး ခြံဝမှာ ဆိုင်းဘုတ်တတ်ထားတယ်၊။
                လူနောက်တစ်ယောက်ကနေ အဲ့ဒီဆိုင်ဘုတ်ကြီးကို စာလုံးဖြည့်ရေးထားပေး ခဲ့တယ်လေ သူဖြေည့်ရေးခဲ့တ့စာက-----
                ဗေဒ၀ိဇ္ဇာဆရာညှာ တောနေသည် သစ်သီးစား၏ဆိုတဲ့နောက်မှာ   မျောက်ဖြစ်၏ ဆိုတဲ့စာတမ်းလေးဖြည့်ရေးလိုက်တော့ လူစင်စစ်ကနေ မျောက်ဖြစ်သွားရတာပါဘဲ။

ဓစ်တော်ကျတဲ့နေရာ
                အိန္ဒိယနိုင်ငံ သံဝေဇနိယလေးဌာနဘုရားဖူးသွာတော့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တဲ့ ကုသိနာရုံကိုရောက်တော့ ဂိုက်လုပ်တဲ့ ဆရာတော်ကတိုင်းရင်းသားလူမျိုးဆိုတော့စကားက၀ဲတယ်   မြတ်စွားဘုရား ဓာတ်တော်ကျတဲ့နေရာကို ဂိုက်ဆရာတော်ရှင်းပြလို့ ဘုရားဖူးအဖွဲအားလုံ ရယ်မိကြရတယ် ဆရာတော်ရှင်းပြပုံက …..“ဒကာ ဒကမတို့ မှတ်ထားကြပါ ဒီနေရာကတော့ မြတ်စွာဘုရား ဓစ်တော်ကျတဲ့နေရာပါ”
                အာလုံးရှင်းပြပြီးတော့ ဂိုက်ဆရာတော်ကန်တော့ကြပြန်တယ် ဆရာတော်ကဆုပေးတော့ ဘုရားဖူးအဖွဲ့တွေက ရယ်ကြရပြန်ပြီ
“ဤသို့ကန်တော့ရသောအကျိုးကြောင့် ၀က်တွင်းကလွတ်လို့ ကြွက်တွင်းဝင်နိုင်ကြပါစေကုန်သတည်း”
ရွတ်နောက်နောက် ဒကာမတစ်ယောက်က ကြွက်တွင်းတော့မ၀င်ရပါစေနဲ့ ကျယ်ကျယ်ဝန်းဝန်း ၀က်တွင်းမှာပဲနေပါရစေတော့ ဆိုပြီးလျှောက်ထားလိုက်တော့ ဘုရားဖူးအဖွဲ့ရဲ့ရယ်သံသံတွေက မတိတ်နိုင်လောက်ကုန်ပဲ ဖြစ်တော့တယ်။
                (၀ဋ်အတွင်းကလွတ်လို့ ကျွတ်တန်းဝင်နိုင်ကြပါစေကုန်သတည်း-ဂိုက်ဆရာတော်က စကားဝဲတော့ ၀က်တွင်းတွေ ကြွက်တွင်းတွေဖြစ်ကုန်ရော)

ခွေးမစားတဲ့အစာ
အောင်ချမ်းသာရွာမှာ အောင်ကြီးဆိုတဲ့ လူဟာအရက်မူးရင်တော်တော်ဆိုးတယ် ကြာလာတော့မိဘတွေက ဘယ်လိုမှဆုံးမလို့မရတာနဲ့ ရွာဦးကျောင်းဆရာတော် ဘကြီးဘုန်းကြီးဆီသွားပြီး ဆုံးမခိုင်းရတယ် ဘကြီးဘုန်းကြီးက ”အောင်ကြီး မင်းခွေးမသောက်တဲ့အရေတွေ မသောက်ပါနဲ့” ဆိုပြီးဆုံးမတော့ အောင်ကြီးကလည်း ဆရာတော်ကိုပြန်လျှောက်လို့ ရွာဦးကျောင်းဆရာတော် သူကြိုက်တဲ့ ကွမ်းကိုပါ ဖြတ်လိုက်ရတယ်။
                အောင်ကြီးလျှောက်ပုံက”ဒါဆိုဆရာတော်လည်းခွေးမစားပါနဲ့ဘုရားတပည့်တော်လည်း   ခွေးမသောက်တဲ့အရည် မသောက်တော့ပါဘုရား” 
ဘ၀အမောတွေပြေနိုင်ကြပါစေ
                        နန္ဒလျန်-ရွှေမိုးညှင်း